Monday, 20 August 2012

လက်ဝှေ့မင်းသမီးလေး ဆီယွန်


အခု မြဝတီမှာ လာနေတဲ့ Poseidon ကားထဲက ဆီဝမ်နဲ့ အတူ တွဲရိုက် ထားတဲ့ မင်းသမီးလေး လီဆီဝမ်အကြောင်း တချို့တချို့သော ပရိသတ်တွေက သိချင်နေကြလို့ လက်တို့မေးမြန်းလာတဲ့အခါ  သူတို့ရဲ့ ချစ်ခင်အားပေးချင်တဲ့ စိတ်လေးကို လေးစားမိတဲ့အနေနဲ့ ဒီတစ်ပတ်မှာ ဖော်ပြလိုက်ရပါတယ်။ ကောင်မလေးက အရမ်း ချစ်ဖို့ကောင်းတယ်။ 
တကယ်လည်း ချစ်စရာလေးပါ။ နောက်ပြီး အပျိုစင် နုနုထွတ်ထွတ်လေး ပိုင်ရှင် မရှိသေးဘူးဆိုတော့ ပရိသတ်များလည်း ကြိုက်နှစ်သက် အားပေးလိမ့်မယ်လို့ ယူဆမိပါတယ်။ ဆီယွန်ဟာ အခုတလော ကိုရီးယားမှာ နာမည်ကြီးနေတဲ့ မင်းသမီးတစ်လက်ပါ။ သူနာမည်ကြီးနေတာ အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ်။ တစ်ချက်က သရုပ်ဆောင်ကောင်းလို့ရယ်၊ နောက်တစ်ခုက ကြိုးစားမှုပြင်းထန်လို့ အောင်မြင်ခဲ့တဲ့ အောင်မြင်မှု တစ်ခုကြောင့်ရယ်ကြောင့် ပရိသတ်က သူ့ကို အာရုံကျနေရတာပဲ ဖြစ်ပါတယ်။


နာမည်ကြီးမင်းသားများနဲ့ ဆီယွန်
Poseidon မှာလည်း မင်းသားချော ဆီဝမ်နဲ့ တွဲခဲ့တဲ့ ဆီယွန်ဟာ နာမည်ကြီးမင်းသားချော အတော်များများနဲ့ တွဲရိုက်ခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ မင်းသားအားလုံးက သူ့ကို မင်းသမီးတွေထဲမှာ သရုပ်ဆောင်တာ အကောင်းဆုံးလို့ မှတ်ချက်ပြုထားကြပါတယ်။ မင်းသားချော F4 မင်းသား အဆိုတော် ကင်ဟွန်ဂျောင်နဲ့လည်း Naughty Kiss ကားမှာ တွဲဖက် သရုပ်ဆောင်ခဲ့ပါသေးတယ်။
F4 ကားမှာလည်း ပါဝင်ထားပါသေးတယ်။ မင်းသားဂျူမုံနဲ့လည်း Land of Wind ကားမှာ တွဲဖက် သရုပ်ဆောင်ခဲ့ပါသေးတယ်။ သားချော လီဒေါင်ဝတ်ခ်နဲ့ဆိုရင် Wild Romance ကားမှာ ဒေါင်ဝတ်ခ်က အနမ်းပေးခဲ့တာကို ခံထားရတဲ့သူလေး ဖြစ်ပါတယ်။ Wild Romance ကားဟာ ဆီယွန် နောက်ဆုံးရိုက်ကူးထားတဲ့ ဟာသဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆီယွန်ကို ပရိသတ် အတော်များများက သရုပ်ဆောင်ကောင်းတယ်လို့ ဝေဖန်ထားကြပါတယ်။
ဒီကားမှာ ဆီယွန်က သူ့ကိုယ်သူ ဟာသဇာတ်ရုပ် ပိုပေါက်အောင် သရုပ်ဆောင်ပေမယ့် ဒါရိုက်တာက သူ့ကို ယောက်ျားလျာလေးလို ပုံစံမျိုးပဲ သရုပ်ဆောင်စေချင်တယ်တဲ့။ ဒီကားမှာကျတော့ ဆီယွန်ဟာ ဆံပင်ကောက်ကောက်အတိုနဲ့ အင်္ကျီပွယောင်းယောင်းဝတ်ပြီး ယောက်ျားလျာလေးလို ပုံစံ သရုပ်ဆောင်ထားပါတယ်။ ဆံပင်အတိုဟာ ဒီကားမှာမှ ပထမဆုံး ဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဆီယွန်ဟာ သရုပ်ဆောင်တာကို အရမ်းပျော်ပြီး ကင်မရာရှေ့မှာ ဘယ်တော့မှ  ကသိကအောင့် မဖြစ်တဲ့သူလို့ ဆိုပါတယ်။
Wild Romance ကားမှာ ဆံပင်ကို အိပ်ရာကထလာတဲ့ ပုံစံလို စုတ်ဖွားပုံစံနဲ့မို့ ဒါရိုက်တာက အဲဒီအိုင်ဒီယာ မကြိုက်ဘူးလို့ ပြောတယ်။  ဒါပေမဲ့ ဆီယွန်က ဒီပုံစံက ပရိသတ်အတွက် ပိုပြီး ရယ်ချင်ပက်ကျိ ဖြစ်စေမယ်ဆိုပြီး ကန့်ကွက်တယ်။ နောက်တော့ ဆီယွန်အိုင်ဒီယာ အတည်ဖြစ်သွားတယ်။ ရိုက်ကွင်းမှာ မင်းသမီး အတော်များများဟာ အိပ်နေတဲ့အခန်း ရိုက်ရင်တောင် နှုတ်ခမ်းနီဆိုးလေ့ ရှိပါတယ်။ ဒါပေမဲ့ ဆီယွန်ကတော့ မျက်နှာပဲ သစ်ပါတယ်။ မိတ်ကပ်တောင် မလိမ်းပါဘူး။
လက်ဝှေ့မင်းသမီးလေး
လက်ဝှေ့ကားတွေထဲမှာ လက်ဝှေ့မင်းသမီးဆိုပြီး နာမည်ကြီးတဲ့ မင်းသမီးတွေ ရှိပါတယ်။ အဲဒီ့ထဲမှာမှ နာမည်ကြီးရုံမက အမျိုးသမီး အပျော်တမ်း လက်ဝှေ့ပြိုင်ပွဲမှာ ကီလို ၄၈ တန်းမှာ ပထမရတဲ့အထိ အောင်မြင်မှုရသွားတဲ့ မင်းသမီးကတော့ လီဆီယွန်ပဲ ဖြစ်ပါတယ်။ သူဟာ ဒီလက်ဝှေ့ပွဲကို အခုလက်ရှိလာနေတဲ့ Poseidom ကားရိုက်နေရင်းနဲ့ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ လက်ဝှေ့အားကစားကို စိတ်ထဲနှစ်ထားပြီး တကယ့်နည်းပြနဲ့ တွဲဖက်လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ဆီယွန်ဟာ ပခုံးရိုး နာကျင်ခဲ့ပေမယ့် ကြိတ်မှိတ်ပြီး နိုင်အောင် ကစားခဲ့တယ်လို့ သူ့နည်းပြက ပြောပါတယ်။
လီဟာ ပြိုင်ပွဲကာလတလျှောက် နံနက်တိုင်း ၆ ကီလိုမီတာ အပြေးလေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲအတွက် အတော်လေး အားထုတ်ပြီး လေ့ကျင့်ခဲ့ပါတယ်။ ဆီယွန်ဟာ လက်ဝှေ့အားကစားကို ဝါသနာပါသူဖြစ်ပြီး ၂၀၁၁ ကလည်း အောင်မြင်မှုတွေ တောက်လျှောက်စွဲခဲ့တဲ့သူ ဖြစ်ပါတယ်။ “သရုပ်ဆောင်တာဟာ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ရည်မှန်းချက် ဖြစ်သလို လက်ဝှေ့ထိုးတာဟာလည်း ကျွန်မရဲ့ ရည်မှန်းချက် ပန်းတိုင်အသစ် ဖြစ်ပါတယ်။
လက်ဝှေ့အားကစားကို စတင်ပြီး လေ့ကျင့်လိုက်တဲ့ အချိန်မှာ ကျွန်မဟာ ပိုပြီး တတ်မြောက်လွယ်တာကို တွေ့ရတယ်။ နောက်ပြီး ပိုပြီး အပြုသဘောဆောင်တဲ့ ခံစားမှုတွေ ခံစားရတယ်။ ကျွန်မဘဝမှာ လက်ဝှေ့ထိုးတာဟာ ကျွန်မအတွက်တော့ အပြောင်းအလဲ တစ်ခုပါပဲ ဆိုပြီး ပြောကြားခဲ့ပါတယ်။
ပြောဖို့ မေ့သွားလို့
ဒါနဲ့ တစ်ခုပြောဖို့ ကျန်နေတာက ဆီယွန်ရဲ့ နာမည်အရင်းက လီဒေးဟက်ခ်တဲ့။ ယောက်ျား နာမည်ကြီးပါ။ ယောက်ျားနာမည်ကြီးနဲ့ ယောက်ျားကြီး အဖြစ်နဲ့ မွေးလာတဲ့သူ ဖြစ်ပါတယ်။ Sex is Zero 2 ကား မထွက်ခင် အချိန်လောက်မှာမှ လိင်ပြောင်းလဲလိုက်တာကို ပရိသတ်ဆီကို တရားဝင် ကြေငြာလိုက်တာ ဖြစ်ပါတယ်။ 
ကိုရီးယားမှာ လိင်ပြောင်းလဲလိုက်တဲ့ ဟဲရီဆုပြီးရင် ဆီယွန်ဟာ ဒုတိယမြောက် ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ အနုပညာလောကထဲကို မင်းသား မော်ဒယ်အဖြစ်နဲ့ ဝင်ရောက်လာပြီး သူမနေချင်တဲ့ လိင်ဘဝနဲ့ နေခဲ့ရတာမို့ နောက်ဆုံး လိင်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ယောက်ျားအဖြစ်နဲ့ သရုပ်ဆောင်လုပ်ရတာ မကြိုက်လို့  မကြာခဏ သတ်သေဖို့ ကြိုးစားခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့အတွက် နေရထိုင်ရတာ တကယ့်ငရဲပဲလို့ ဆိုခဲ့ပါတယ်။
သူ့ရဲ့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့မှု အထမမြောက်ချိန်မှာတော့ ဆီယွန်ဟာ အသိတရား ရသွားပါတယ်။ သေသွားမယ့်အစား ကိုယ်ကြိုက်တဲ့ မိန်းအဖြစ်နဲ့ ရှင်သန်မယ်ဆိုပြီး လိင်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။  အဲဒီ့နောက် သူ့ကိုယ်သူ လီဆီယွန်ဆိုပြီး နာမည်မှည့်ခဲ့တယ်။ ဆီယွန်ဟာ မိန်းမအဖြစ် ခွဲစိတ်ကုသမှု ခံယူဖို့အတွက် ပိုက်ဆံကို အတော်လေး ကြိုးစားပြီး ရှာခဲ့ရပါတယ်။
သူခွဲစိတ်တဲ့နေ့မှာ သူ့အမေက “ငါတော့ သားတစ်ယောက် ဆုံးရှုံးပါပြီ။ ဒါပေမဲ့ သမီးတစ်ယောက်တော့ အစားပြန်ရပါတယ်” ဆိုပြီး ပြောခဲ့တယ်။ အဲဒီနောက် သားအမိအချင်းချင်း ဘယ်သူက ဘယ်သူ့ကို နှစ်သိမ့်တယ်ဆိုတာ မသိတဲ့ နှစ်သိမ့်ခြင်းအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ကြပြီး ငိုယိုကြတယ်။ အခုအချိန်မှာတော့ လီဆီယွန်ဟာ  မိန်းမတစ်ယောက် အဖြစ်နဲ့ နေထိုင်ရင်း တစ်ချိန်မှာ အိမ်ထောင်ပြု ကလေးမွေးဖို့ ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံက သူ့ကိုချစ်တဲ့ ပရိသတ်ကိုကိုအချို့လည်း စိတ်ဝင်စားရင် မိတ်ဆက် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပေးရင်း....။

No comments:

Post a Comment