ချင်းမိုင်မြို့ အကြောင်း၊ ထိုင်းနိုင်ငံ ရောက် မြန်မာ နိုင်ငံသား အလုပ်သမားတွေ အကြောင်း ရေးနေရာကနေ ဒီတစ်ပတ်တော့ မရေးရင် မဖြစ်တော့ဘူးလို့ ယူဆမိတဲ့ အတွက် မီဒီယာ ဘက်ကို ပြန်လှည့်ချင် ပါတယ်။ တစ်ပတ် နှစ်ပတ်အတွင်းမှာ အပြောင်းအလဲ တော်တော် ဖြစ်ပုံရခဲ့တဲ့ ကျွန်မတို့ မီဒီယာလောကအတွက် စိတ်ပူလာလို့ ဒီဆောင်းပါးကို ရေးဖို့ ရည်ရွယ်တာပါ။
အရင်ဆုံး မေတ္တာရပ်ခံချင်တာက တော့ ဒီဆောင်းပါးဟာ ကျွန်မထက်ငယ်ပြီး စာနယ်ဇင်းသက် နုနယ်သေးတဲ့၊ ကိုယ့် ကိုယ်ကိုယ်လည်း တကယ် စာနယ်ဇင်း သမား၊ မီဒီယာသမားလို့ ယူဆထားတဲ့၊ မြန်မာပြည်မီဒီယာလောကကို ကျင့်ဝတ်နဲ့ ညီပြီးလွတ်လပ်တဲ့ စာနယ်ဇင်းလောက တစ်ခု ဖြစ်စေချင်တဲ့ စေတနာရှိသူ မည်သူ မဆိုကို ရည်ရွယ်ရေးသားခြင်းဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။ အခုအချိန်က ကျွန်မတို့ စာနယ်ဇင်း လောကအတွက် အရမ်းကို အရေးကြီးနေ တဲ့အချိန်၊ ထိလွယ်ရှလွယ်တဲ့ အချိန်လို့ ပြောချင်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာကို ကျွန်မ တို့ နှစ်ပေါင်းများစွာ ဆာငတ်ခဲ့၊ တောင့်တ ခဲ့ကြတယ်။
ဒီစိစစ်ရေးဆိုတာကြီးက သတင်းတွေ ကိုတင် မကဘူး အနုပညာတွေကိုလည်း ဖျက်ဆီးခဲ့တာပါ။ မဆလခေတ် နှောင်းပိုင်း မှာ အားကြီးခဲ့တဲ့ မဂ္ဂဇင်းတွေက စာရေး ဆရာတွေ၊ အယ်ဒီတာတွေ အသိဆုံးဖြစ် ပါလိမ့်မယ်။ ကဗျာဆိုတဲ့ အနုပညာပစ္စည်း တွေကို ဖျက်ဆီးတယ်၊ ကာတွန်းတွေကို ဆွဲဆုတ်တယ်၊ ဝတ္ထုတိုတွေကို အမြီးနုတ် ခေါင်းနုတ် လုပ်တယ်၊ ပန်းချီပြပွဲတွေ မကျင်းပခင်မှာလည်း စိစစ်ရေးကပုဂ္ဂိုလ် တွေက အရင်လာကြည့်၊ ဟိုကားဖြုတ်၊ ဒီကားမပြနဲ့ဆိုတာမျိုးလုပ်ပါတယ်။ ဖန်တီး သူတွေ ဘယ်လောက်နာကျင်ရမလဲ ခံစား လို့ ရပါတယ်။
သတင်းခေတ်ဆိုတာကို မလွှဲမရှောင် သာ လက်ခံရမယ့်ကာလမှာတော့ ဆိုဖွယ် မရှိအောင် ဖြတ်တောက်တာ၊ ပြင်ခိုင်းတာ တွေအပြင် စိစစ်ရေးကို တစ်ပတ်ကြိုတင် ရလို့ ကျွန်မတို့ပြည်သူတွေခမျာ သိုးနေတဲ့ သတင်းတွေကိုပဲဖတ်ခွင့်ရကြတာ အားလုံး အသိပါ။ ဒါ့အပြင် ခံဝန်လက်မှတ်ထိုးရ တာ၊ ခေါ်ဆူခံရတာ စတဲ့ဖိနှိပ်မှုတွေကြောင့် စာနယ်ဇင်းသမားတွေအနေနဲ့ စာပေလွတ် လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့် ဆိုတာကို တောင့်တကြတာ မဆန်းပါဘူး။
ပိုဆိုးတာ က စိစစ်ဖြတ်တောက်မှုတွေအပြင် မညီမျှမှု တွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှုတွေနဲ့ စိစစ်ရေးဌာနကြီးဟာ အမှိုက်ပုံကြီးတစ်ပုံ လို ခြစားမှုတွေ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ တာပါ။ တိုင်းပြည် ပြုပြင်ပြောင်းလဲနေပြီဆိုတဲ့ အခုလိုအချိန်မှာ ကျွန်မတို့ မီဒီယာတွေက လည်း စတုတ္ထမဏ္ဍိုင်ဆိုတဲ့အခန်းကဏ္ဍက ပါဝင်အားဖြည့်ရင်း ဒီမိုကရေစီခရီး အရှေ့ ကို ရွှေ့ဖို့ တစ်တပ်တစ်အား လုပ်ဆောင် ချင်ကြပါတယ်။
အဲဒီလို ပါဝင်အားဖြည့် နိုင်ဖို့အတွက် အတားအဆီးကြီးကတော့ စာပေစိစစ်ရေးပဲ ဖြစ်ပါတယ်။ သတင်းတွေ လွတ်လပ်စွာ စီးဆင်းခွင့်မရဘဲ တိုင်းပြည် က ဘယ်လိုမှအရှေ့ကိုမရောက်နိုင်ပါဘူး။ သမ္မတပြောခဲ့သလို သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဆိုတာကို သတင်းမီဒီယာတွေကသာ မီးမောင်းထိုးပြ နိုင်မှာပါ။ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးက တဖြည်းဖြည်း အရှေ့ကိုရွေ့နေချိန်မှာ မီဒီ ယာက လိုက်ရွေ့ခွင့်မရတဲ့ အနေအထား ကျွန်မတို့ စာနယ်ဇင်းသမားတွေ ကြုံကြ ရပြီးပါပြီ။
ဇွန်လဆန်းကတည်းက ဖြုတ် တော့မယ်ဆိုတဲ့ စာပေစိစစ်ရေးရဲ့ အလုပ် တွေက ရပ်မသွားတဲ့အပြင် မီဒီယာက အရှေ့ကိုရွေ့ဖို့ထားလို့ နောက်ပြန်ဆွဲတဲ့ အနေအထားတချို့ကို ပြုလုပ်လာတာ အားလုံးအသိပါ။ လူငယ်အများစုပါဝင်တဲ့ စာနယ်ဇင်းသမားတွေ စုစည်းပြီး ဖွဲ့စည်း ထားတဲ့ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က ဦးဆောင်လို့ ဆန္ဒထုတ်ဖော်ခဲ့ ကြပြီးပါပြီ။ အဲဒါရဲ့ အကျိုးဆက်မဟုတ်ဘူးဘဲ ပြောပြော ကျွန်မတစ်ဦးတည်း အမြင်က တော့ ဂျာနယ်နှစ်စောင်ကို ပြန်လည်ထုတ် ဝေခွင့် ပြုလိုက်တာဟာ လူငယ် သတင်း သမားတွေရဲ့ ဆန္ဒထုတ်ဖော်မှုနဲ့ ဆက်စပ် နေပါတယ်။
နောက်အကျိုးဆက်တစ်ခု ကတော့ မကြာသေးခင်က အစိုးရဖွဲ့ပေး လိုက်တဲ့ မြန်မာနိုင်ငံအမြုတေစာနယ်ဇင်း ကောင်စီအဖွဲ့ ပေါ်ပေါက်လာတာပါပဲ။ ဒါလည်း ကျွန်မတစ်ဦးတည်းအမြင် ဖြစ်ပါ တယ်။ စာပေစိစစ်ရေးဆိုတဲ့ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ခါးခါး သီးသီး နစ်ဝင်ခဲ့တဲ့ ဆူးတစ်ချောင်းလည်း တစ်ပါတည်း ကျွတ်ထွက်တော့မလားလို့ မျှော်လင့်မိပါတယ်။ ဆူးကျွတ်ဖို့ မျှော်လင့်ခဲ့ပေမယ့် တကယ့်တကယ်ကျတော့ ဒီဆူးက လွယ် လွယ်နဲ့ ကျွတ်မထွက်သွားပါဘူး။ ဒီဆူးကို အယောင်ပြ ဆွဲချွတ်ပေးသလို လုပ်ခဲ့ပေ မယ့် တကယ့်တကယ်မှာ နောက်ထပ် ဆူး တစ်ချောင်းနဲ့ အစားထိုးဖို့ ကြံစည်ခဲ့တာ ပါ။
ဒါကို သဘောပေါက်တဲ့ စာနယ်ဇင်း ကောင်စီဝင် စာနယ်ဇင်းသမားတွေက လည်း လက်မခံပါဘူး။ စေတနာမမှန်တဲ့ ဒီကောင်စီကနေ နုတ်ထွက်ဖို့အထိ လုပ် ဆောင်ခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့လိုက်တဲ့အကြောင်း သတင်းစာတွေက ပါလာတာနဲ့ ဘာမှန်းမသိသေးဘူး အရင်ကန့်ကွက်တယ်ဆိုတာ တွေ၊ အငြင်းပွားဖွယ်ရာ လူတွေပါဝင်တယ် ဆိုတဲ့ အနုတ်လက္ခဏာပြ စကားလုံးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလူတွေအထဲမှာ ထုတ်ဝေသူတချို့လည်း ပါနေတဲ့အတွက် မညီမျှမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စကား တွေလည်း ကြားလာရတယ်။ ဒီကောင်စီ ထဲမှာပါနေတဲ့ စာနယ်ဇင်းသမားတွေဘက် က ဘာပြောမလဲဆိုတာ မစောင့်သေးဘဲ ဒီလူတွေကို ဆန့်ကျင်မယ်၊ တိုက်ခိုက်မယ် ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ စာနယ်ဇင်း ကောင်စီရဲ့ အဖွဲ့ဝင်တွေ ထဲမှာ အများလေးစားလောက်တဲ့ သတင်း စာသမားတွေလည်း ပါနေတယ်ဆိုတာကို ထည့်စဉ်းစားသင့်ပါတယ်။ ဒီကောင်စီမှာ အခွင့်အရေးသမားတွေ မပါဘူးလို့လည်း မပြောနိုင်ပါဘူး။
ဒီလို အခွင့်အရေးသမား တွေ ပါနေရင်တောင် သူတို့ရဲ့လုပ်ရပ် အဖြေထွက်လာမှ ဝေဖန်ရမှာပါ။ လုပ်ရပ် ကို မမြင်ရသေးဘူး ကောင်းမှာမဟုတ်ပါ ဘူးလို့ ပြောမယ် ငြင်းမယ် ဆိုရင်တော့ မီဒီယာသမား မပီသဘူးလို့ဘဲ ကျွန်မပြော ပါရစေ။ နောက်တစ်ခုက စာနယ်ဇင်းကောင်စီ ဝင်တွေထဲမှာ “အငြင်းပွားဖွယ်” လူတွေ ပါနေတယ်၊ စာနယ်ဇင်းကောင်စီရဲ့ တာဝန် တွေထဲမှာ “အငြင်းပွားဖွယ်” အချက်တွေ ပါနေတယ်ဆိုတဲ့ စကားလုံးတစ်လုံးကို ပလူပျံအောင် တွေ့ရပါတယ်။
ဒီစကားလုံး ကို စတင်လိုက်တာဟာ မီဒီယာသမားတွေ ထဲက မဟုတ်ပါဘူး။ မီဒီယာနဲ့မသက်ဆိုင် တဲ့ လူတစ်ယောက် စသုံးလိုက်တဲ့စကား ပါ။ အဲဒါကို မီဒီယာသမားတွေက ယူပြီး ဆက်လက်သုံးစွဲနေတာ တွေ့ရပါတယ်။ မီဒီယာသမားတွေဖြစ်ပြီး ဘာကြောင့် အရောင်ဆိုးခံချင်ရသလဲ ဆိုတဲ့မေးခွန်းကို ကျွန်မမေးချင်ပါတယ်။ သတင်းသမားတွေ ဖြစ်နေပြီး ဘာကြောင့် အမောင် တောင် မြောက်မှန်း မသိသေးခင် သူများယောင် တိုင်း လိုက်ယောင်ချင်ရတာလဲ ဆိုတဲ့ မေးခွန်းကိုလည်း ထပ်ဆင့်မေးချင်တယ်။
မှန်ပါတယ်၊ မီဒီယာသမားတွေ ရွေးချယ်ပေးလိုက်လို့ ထွက်ပေါ်လာတာ မဟုတ်ဘဲ အစိုးရက ဖွဲ့ပေးလိုက်တဲ့ ကောင်စီဖြစ်တဲ့အတွက် မီဒီယာသမားတွေ မနှစ်သက်နိုင်တဲ့လူတွေ ပါနေနိုင်တယ်၊ မနှစ်သက်တဲ့ အချက်တွေလည်း ပါနေနိုင် ပါတယ်။ ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ သူတွေနဲ့၊ လက်ခံလို့ရတဲ့ အချက်တချို့ လည်း ပါနေသေးတယ်ဆိုတာကို ထည့် စဉ်းစားသင့်ပါတယ်။
စာနယ်ဇင်းကောင်စီက ဘာတာဝန် ယူမှန်း မသိသေးခင်မှာ ဘုမသိဘမသိနဲ့ မီဒီယာသမားတွေက လက်မခံဘူးလို့ ပြော နေသလို၊ တစ်ဖက်က စိစစ်ရေးပြုတ်ပြီး သတင်းတွေ လွတ်လွတ်လပ်လပ် ပေါ် ထွက်လာမှာကို ကြောက်နေတဲ့သူတွေ လည်း ရှိနေနိုင်တယ်၊ အမှန်တရားတွေကို ဖော်ထုတ်ရေးသားလာရင် သူတို့ရဲ့ နှစ်ရှည်လများ အကျင့်ပျက်ခြစားမှုတွေ ပေါ်လာ မှာကို စိုးရွံ့နေတဲ့သူတွေကလည်း စိစစ်ရေး မရှိတော့မှာကို စိုးရိမ်နိုင်တယ်ဆိုတာ သတိ ပြုသင့်ပါတယ်။ ကျွန်မဆိုလိုတာက အချိန်တစ်ခုကို စောင့်ဖို့၊ လူကို ကန့်ကွက်တာထက် မူမမှန် တာတွေကို ပြင်ပေးနိုင်အောင် သိမ်သိမ် မွေ့မွေ့ ချဉ်းကပ်ဖို့ ဖြစ်ပါတယ်။
အားလုံး လိုချင်နေတာ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဒါကို ဘယ်သူ့ဆီက ရရ၊ ဒါကို ဘယ်သူ က ယူပေးယူပေး၊ ယူပေးတဲ့လူက အရေး မကြီးပါဘူး။ ရသလား၊ မရသလား ဆို တာကသာ အရေးကြီးတယ်လို့ ထင်ပါ တယ်။ သေချာတာတစ်ခုကတော့ မီဒီယာ သမား၊ စာနယ်ဇင်းသမားအားလုံး တောင့် တနေတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတဲ့ ရလဒ်တစ်ခုအတွက်၊ လူတိုင်းနဲ့သက်ဆိုင် တဲ့ ဒီမိုကရေစီဟာ စာနယ်ဇင်းသမားတွေ နဲ့လည်း သက်ဆိုင်နေတဲ့အတွက် ဒီ စာပေ စိစစ်ရေးဆိုတဲ့ဆူးကြီးက ကျွတ်ကိုကျွတ်ရ မှာပါ။ ဒီအချိန်ကလည်း မဝေးတော့ဘူးလို့ ကျွန်မ ပြောရဲပါတယ်။ နှစ်ပေါင်းများစွာ နစ်ဝင်ခဲ့တဲ့ ဆူး တစ်ချောင်းဖြစ်တဲ့အတွက် သူထွက်သွားတဲ့ အချိန်မှာ ဒဏ်ရာအရှိန်တော့ကျန်ခဲ့ပါလိမ့် မယ်။
အဲဒီဒဏ်ရာကို ကျွန်မတို့ တဖြည်း ဖြည်း ကုစားရပါလိမ့်မယ်။ ဆူးထွက်သွား တာနဲ့ ဒဏ်ရာလည်းကျက်ချင်တယ်ဆိုရင် ဒီဒဏ်ရာကို ထပ်မဆွဘဲ ကုသတဲ့အလုပ် ကို သေသေချာချာလုပ်ရမှာပါ။ ကုသတဲ့ အလုပ်ကို ကိုယ်လုပ်နေတဲ့ မီဒီယာအလုပ် နဲ့ပဲ စည်းထဲဘောင်ထဲက လုပ်ရမှာပါ။ အဲဒီအချိန်မှာ ကျွန်မတို့ မီဒီယာ သမားတွေ လုပ်သင့်တာကတော့ ကိုယ့်ရဲ့ မီဒီယာအလုပ်၊ ကိုယ့်ရဲ့ မီဒီယာတာဝန်ကို ကျေဖို့ပါ။ သတင်းလွတ်လပ်ခွင့် တကယ် ရနိုင်၊ မရနိုင် ဆိုတာ ကျွန်မတို့ စမ်းသပ် ကြည့်မှ သိပါလိမ့်မယ်။ အဲဒီအချိန်ဟာ မှန်မှန်ကန်ကန် ဖော်ထုတ်ရေးသားထားတဲ့၊ ပြည်သူတွေ တကယ်သိသင့်တဲ့ သတင်း တွေကို ကြိုးစားဖော်ထုတ်တင်ပြရမယ့် အချိန်လို့ ကျွန်မပြောချင်ပါတယ်။
ကျင့်ဝတ် နဲ့အညီ ဖော်ထုတ်ရေးသားမှုတွေ လုပ်နေ ပါလျက်နဲ့ စာနယ်ဇင်းကောင်စီက မီဒီယာ သမားတွေဘက်က ရပ်လား၊ မရပ်ဘူး လား၊ ဘက်လိုက်မှုတွေရှိနေသလားဆိုတဲ့ အဖြေကို အခုထုတ်လို့ မရသေးပါဘူး။ “ဘက်လိုက်နိုင်တယ်” “မကောင်းနိုင် ဘူး” စတဲ့ ထင်မြင်ယူဆချက် (Assumption) တွေဟာ စာနယ်ဇင်းသမားတွေနဲ့ သင့်တော်ရဲ့လားဆိုတာကတော့ သတင်း သမားတွေကို ကျွန်မက မိကျောင်းမင်း ရေခင်းမပြချင်တော့ပါ။ မင်းသား မလုပ်ရလို့ ပတ်မကြီးကို ထိုးခွဲတဲ့သူတွေထဲမှာ မီဒီယာသမားစစ်စစ် တွေ မပါစေချင်ပါဘူး။ မင်းသားလည်း မလုပ်ဘူး၊ ပတ်မကြီးလည်း ထိုးမခွဲဘူး၊ ဇာတ်စင် မီးတက်ရှို့မယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဆုံးပါ။
သတင်းလွတ်လပ်ခွင့် လို ချင်ရင် အတွေးအခေါ်လည်း လွတ်လပ်ရ ပါမယ်။ တစ်ဖက်သားကို စော်ကားခွင့်ရတာ ဟာ သတင်းလွတ်လပ်ခွင့် မဟုတ်ပါဘူး၊ စာမျက်နှာရှိတယ်ဆိုတိုင်း တိုက်ခိုက်တာ သတင်း လွတ်လပ်ခွင့် မဟုတ်ပါဘူး။ သတင်းလွတ်လပ်ခွင့်နဲ့ စော်ကားခွင့်ကို ရောချနေရင်တော့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို လွတ်လပ်တယ်ဟေ့ဆိုပြီး လမ်း ပေါ်တက် ဆေးရိုးလှန်းတဲ့ မီဒီယာလောက ဖြစ်သွားပါလိမ့်မယ်။ လက်ရှိ မီဒီယာ လောကရဲ့ အပြောင်းအလဲ အခြေအနေ တစ်ရပ်ကို အခွင့်ကောင်းယူပြီး ကိုယ့် အရည်အသွေးကိုယ် မြှင့်တင်ရမယ့်အချိန် ရောက်နေပါပြီ။
အင်ဒိုနီးရှားနိုင်ငံဟာ သတင်း လွတ် လပ်ခွင့် အပြည့်ရပေမယ့် ကျင့်ဝတ်မလိုက် နာတဲ့၊ သတင်းသမား အရည်အသွေး မပြည့်မီတဲ့ ဂျာနယ်လစ်တွေကြောင့် အစိုးရ ဌာနဆိုင်ရာတွေကကော၊ စီးပွားရေးသမား တွေကပါ အလေးစားမခံရတဲ့ အနေ အထား ဖြစ်နေတယ်၊ အရည်အသွေးမမီတဲ့ ဂျာနယ်လစ်တွေရဲ့လုပ်ရပ်ကြောင့် တကယ့် တကယ်လုပ်နေတဲ့ ကျင့်ဝတ်နဲ့အညီ ဖော် ထုတ် ရေးသားသူတွေပါ နာမည်ပျက်ထဲ ရောပါနေရတယ်ဆိုတာ ကျွန်မ ဒီဂျာနယ် မှာပဲ တစ်ခါရေးပြီးပါပြီ။ ကျွန်မတို့ မြန် မာပြည်စာနယ်ဇင်းလောကအနေနဲ့ အဲဒီလို ဖြစ်သွားမှာကို သိပ်စိုးရိမ်ပါတယ်။
ဒါကြောင့်လည်း ကျွန်မတို့ မီဒီယာ လောကက ထိလွယ်ရှလွယ်တဲ့ အနေအ ထားကို ရင်ဆိုင်နေရပြီလို့ ပြောခဲ့တာပါ။ ဖိနှိပ်မှုကိုဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) ရဲ့ လုပ်ရပ်ကို ကျွန်မသဘောကျပါတယ်။ စိစစ် ဖြတ်တောက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ဂျာနယ်မျက်နှာဖုံးတွေကို အနက် ရောင်ခြယ်ပြီး ထုတ်ဝေပြတာ၊ မကျေနပ်တာကို ပြသရဲတဲ့ ဂျာနယ်တွေကိုလည်း ကျွန်မ လေးစားပါတယ်။ ဖိနှိပ်မှုခံရတဲ့ အချိန်၊ မတရားသဖြင့် အနိုင်ကျင့်ခံရတဲ့ အချိန်တွေမှာ တစ်နည်းနည်းနဲ့ မကျေနပ် ကြောင်း ပြရမှာပါ။ ဒါပေမယ့် သတင်း သမားက သတင်းသမားအလုပ်ကိုမလုပ် ဘဲ ထစ်ခနဲရှိ ထပြီးဆန္ဒထုတ်ဖော်နေမယ် ဆိုရင်တော့ ဒီဆန္ဒထုတ်ဖော်ပွဲတွေဟာ မလေးနက်တော့ဘဲ ပေါသွားပါလိမ့်မယ်။
ဘယ်သူကမှလည်း လေးစားတော့မှာ မဟုတ်ပါဘူး။ သတင်းသမား၊ မီဒီယာသမား၊ ဂျာ နယ်လစ် ဆိုတဲ့သူတွေဟာ အတွေးအခေါ် သူများထက် လွတ်လပ်ရပါမယ်၊ ဘယ် အရိပ်ထိုးတာကိုမှ မခံဘဲ၊ ဘယ်သူအရောင်ဆိုးတာကိုမှမခံဘဲ ကိုယ့်ကိုယ်ပိုင် အယူ အဆနဲ့ ရင့်သန်ကြီးထွားရပါမယ်။ တကယ်လို့သာ စာပေစိစစ်ရေး လုံးဝ မရှိတော့ဘူးဆိုရင်၊ စာပေစိစစ်ရေးကို ပုံစံ ပြောင်းထားတာ မဟုတ်တဲ့၊ အရေးကြုံလာ ရင် တကယ်ပဲ သတင်းသမား၊ စာနယ်ဇင်း သမားတွေဘက်က စာနာဖြေရှင်းပေးမယ့်၊ ကျင့်ဝတ်နဲ့ညီတဲ့ စာနယ်ဇင်းလောကကို ကိုယ်စားပြုမယ့် စာနယ်ဇင်းကောင်စီ ဆိုတာ ရှိကိုရှိသင့်ပါတယ်။
ဘယ်သူတွေ ပါဝင်တယ်ဆိုတာက အရေးမကြီးပါဘူး၊ ပါဝင်သူတွေ ဘာလုပ်သလဲ ဆိုတာကိုသာ စောင့်ကြည့်ရမှာပါ။ ဘယ်သူ့ အလွှမ်းမိုးမှမခံဘဲ သတင်း သမားပီပီ စုံစမ်းပါ၊ ကိုယ့်ကိုယ်ပိုင်ဦးနှောက်နဲ့ တွေးခေါ်ပိုင်းဖြတ်ပြီး စဉ်းစားချင့်ချိန်ပါ၊ ကိုယ်လုပ်ရမယ့်အလုပ်ကိုကိုယ့်အယူအဆ နဲ့ မှန်မှန်ကန်ကန်လုပ်ပါလို့ ကျွန်မ တိုက် တွန်းချင်ပါတယ်။ အရေးအကြီးဆုံးကတော့ မီဒီယာ သမားအချင်းချင်း သွေးကွဲစေမယ့် နှပ် ကြောင်းပေးမှုတွေကို မယောင်ဖို့ပါပဲ။
မီဒီ ယာကွဲရင် ဆွဲချင်တဲ့ ကျားတွေ ချောင်းနေ သလို၊ လက်ခုပ်ထိုင်တီးပြီး ပျော်နေမယ့်သူ တွေ ရှိတယ်ဆိုတာ သတိပြုဖို့ပါ။ သတင်း သမားစစ်စစ် ဖြစ်ချင်ရက်နဲ့ တစ်စုံ တစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုရဲ့ အသုံးချခံဖြစ်မှန်း မသိ ဖြစ်ရမယ့်ဘေးကိုမြင်ပြီး ရှောင်နိုင်ကြ ပါစေ။တူးတူးသာ
No comments:
Post a Comment