ဇင်သော်နိုင်ရေ... မှတ်မိဦးမယ် ထင်ပါတယ်။ အရင်တုန်းက မြန်မာဘောလုံးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဘောလုံးကွင်းထဲ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖြစ်ဘဲ ရမ်းမှန်းရေးရင် မကောင်းဘူးဆိုပြီး မရေးဘဲ နေဖူးတယ်လေ။ ဒီတစ်ပတ်တော့ ဘောလုံးကွင်းထဲ ကိုယ်တိုင် မရောက်ဖြစ်ဘဲ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ဇင်သော်လည်း သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့က ကျွန်တော် အူအတက်ရောင် တာကြောင့် ဆေးရုံတက် ခွဲစိတ်ကုသခြင်း ခံခဲ့ရပါတယ်။ ဆရာဝန်ကတော့ အူအတက်က အတော်လေး ရောင်နေပြီး မပေါက်သွားတာ ကံကောင်းတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ နေရစဉ် တစ်လျှောက် မီဒီယာ မိတ်ဆွေတွေနဲ့ ဘောလုံး အသိုင်းအ၀ိုင်းက မိတ်ဆွေတွေ သတင်းလာမေး ကြတာကြောင့် အတော်လေး အားရှိခဲ့ပါတယ်။
ဇင်သော်နိုင်ရေ...
သြဂုတ်လ ၁၅ရက်နေ့က သုဝဏ္ဏကွင်းမှာ ရံပုံငွေပွဲအဖြစ် ကစားခဲ့တဲ့ မြန်မာ့ လက်ရွေးစင်နဲ့ MNL All-Star တို့ကစား ခဲ့တယ်နော်။ အဲဒီပွဲစဉ်ကိုလည်း ကွင်းထဲအရောက် သွားကြည့်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်ခဲ့ပေမယ့် တကယ့် တကယ်တမ်းမှာတော့ Channel 7 ကောင်းမှုနဲ့ ရုပ်သံကပဲ ကြည့်ခဲ့ ရပါတယ်။ အဲဒီပွဲစဉ်မှာ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း မြန်မာ နေရှင်နယ်လိဂ်က ခြေစွမ်းထက် နိုင်ငံခြားသား တွေနဲ့ စုဖွဲ့ထားတဲ့ MNL All-Star အသင်းကို မြန်မာအသင်း ယှဉ်မကစား နိုင်ဘဲ ဂိုးပြတ်ခြေပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါတောင် MNL All-Star အသင်းက လေ့ကျင့်ချိန် တစ်ရက်ပဲ ရှိခဲ့ပြီး လက်ရွေးစင် အသင်းကတော့ တစ်ပတ် စခန်းသွင်း လေ့ကျင့်ခဲ့တာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဒီခြေစမ်းပွဲက လက်ရွေးစင် အသင်းအတွက် သင်ခန်းစာတွေ အများကြီး ရခဲ့တယ် လို့တော့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အကောင်းဆုံး ကစားသမား တွေဟာ ပြည်ပကနေ လာရောက်ကစားကြတဲ့ နိုင်ငံခြားသား ပရော်ဖက်ရှင်နယ် ကစားသမား တွေကို ကလပ် အသင်းတွေမှာ ယှဉ်ကစား နိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း အသင်းလိုက်ချင်း ယှဉ်လိုက်တော့ အတော်လေး ကွာဟနေတာ တွေ့ခဲ့ရပါတယ်။ တစ်ဦးချင်း ဘောလုံး အထိန်းအသိမ်း၊ အပေးအယူ၊ အကွက် မြင်တတ်မှုက အစ အသင်းလိုက် ကစားအား၊ ကစားကွက် ပုံဖော်မှု အပိုင်းတွေမှာ အဓိက ကွာခြားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတွေဟာ နည်းပြမှာကြားမှု အတိုင်း သေချာကစား နိုင်ခဲ့ကြပါတယ်။ ဒါကလည်း လက်ရွေးစင် အသင်းအနေနဲ့ အဆင့် မရှိဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ပြန်စဉ်းစား ကြည့်ရင် ဒီနိုင်ငံခြားသား ကစားသမားတွေရဲ့ အဆင့်အတန်းဟာ အရှေ့တောင် အာရှအဆင့်ထက် ကျော်လွန် နေတယ်လို့ ဆိုနိုင်သလို ဒီလို ကစားသမားတွေ ကျွန်တော်တို့ဆီက လိဂ်ပြိုင်ပွဲတွေမှာ လာရောက် ကစားနေတာ ကလည်း ပြည်တွင်းက လူငယ်ကစားသမား လေးတွေအတွက် ကောင်းတဲ့ အချက်ပါပဲ။
ဇင်သော်နိုင်ရေ...
ဒီအရှုံးပွဲက လက်ရွေးစင် အသင်း ကစားသမားတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ "ငါ" ဆိုတဲ့ အစွဲတွေကို အတော်လေး ချေမှုန်း လိုက်နိုင်မယ်လို့လည်း ကျွန်တော်တော့ ထင်မြင်မိတယ်။ ကျွန်တော်တို့ရဲ့ လက်ရွေးစင် ကစားသမား တချို့ဟာ ဆရာသမားတွေက တင်းတင်းကျပ်ကျပ် သင်ကြား ပြသတယ် ဆိုရင်ပဲ မလိုအပ်ဘဲ အကဲပိုတယ်လို့ မြင်တတ်ကြတာ မျိုးက အခုထိ ရှိနေပါသေးတယ်။ ပတ်ဆောင်ဟွာ ဆိုတဲ့ နည်းပြကလည်း သူလိုချင်တာကို မရရအောင် လုပ်ယူမယ် ဆိုတဲ့ နည်းပြမျိုးဆိုတော့ ရေရှည်မှာ ဘယ်သူက အသာရ မလဲတော့ စောင့်ကြည့် ရဦးမှာပါ။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ မတိုင်ခင်က ပတ်ဆောင်ဟွာက ကစားသမားတွေ ဆီမှာ ရှိနေတဲ့ အကျင့်ဆိုး လေးတွေကို ဖျောက်ပစ် ရမယ်လို့ သတိပေး ခဲ့ပါတယ်။ အဓိက.ကတော့ ဘောလုံးဆုံးတဲ့ အချိန်မှာ လိုက်မကစား တာမျိုး၊ ရပ်ကစား နေတာမျိုး၊ လိုအပ်သလို နေရာ မယူတတ်တာမျိုး တွေကို သူ အားမလို အားမရ ဖြစ်နေတာပါ။ သူက ဘယ်လိုမှ ပြောင်းလဲယူလို့ မရနိုင်ဘူး ဆိုရင်တော့ ပြီးခဲ့တဲ့ အာရှ ခြေစစ်ပွဲအောင် ယူ-၂၂ အသင်းက ကစားသမား တွေကိုပဲ ပြန်သုံးရမလား စဉ်းစား နေရတယ်လို့ပါ ပြောလာခဲ့ပါတယ်။ သူပေးချင်တဲ့ မက်ဆေ့ခ်ျက ရိုးရိုးရှင်းရှင်း လေးပါ။ လက်ရွေးစင် အဆင့် ကစားသမားဆိုတာ ပေးဆပ်ရမယ်၊ ပေးဆပ်ရဲရမယ်၊ အပင်ပန်းခံနိုင်ရမယ်၊ ပြိုင်ဘက် အသင်းထက် ပိုပြီးကြိုးစား ရမယ်ပေါ့။
ခက်နေတာက ကျွန်တော်တို့ဆီက ကစားသမားတွေ ပါပဲ။ အကုန်လုံး လို့တော့ ကျွန်တော်က စွပ်စွပ်စွဲစွဲ မပြောလိုပါဘူး။ ဒါပေမဲ့ ကစားသမား အတော်များများက လက်ရွေးစင် ဖြစ်ရရင်ကိုပဲ သူတို့ရည်မှန်းချက် ပြည့်ပြီဆိုသလို ဖြစ်နေတယ်။ လက်ရွေးစင်အသင်း အောင်မြင်ဖို့၊ နိုင်ငံဂုဏ်တက်စေဖို့ ဆိုတာမျိုး မတွေ့ရသလို ကိုယ်တိုင်ကလည်း ပြည်ပအထိ ခြေဆန့်နိုင်တဲ့၊ တကယ် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုး၊ မျှော်လင့်ချက်မျိုး ရှိမနေပါဘူး။ ဒီတစ်ကြိမ် လက်ရွေးစင်အသင်း ရွေးတော့ တစ်ကြိမ် တစ်ခါမှ လက်ရွေးစင် မဖြစ်ဖူးသေးတဲ့ ကစားသမား သစ်တွေ ပါလာခဲ့ပါတယ်။ အဲဒီတော့ သူတို့ထဲက တချို့ကို လက်ရွေးစင် ဖြစ်ခွင့်ရတဲ့အပေါ် ခံစားချက်နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ ပါသေးတယ်။ သူတို့ရဲ့ အမြင့်ဆုံး မျှော်လင့်ချက် ဖြစ်တဲ့ လက်ရွေးစင် ကစားသမား ဖြစ်ခွင့်ရတဲ့ အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ် ဆိုတာမျိုးလောက်ပဲ ကြားခဲ့ရပါတယ်။ လက်ရွေးစင် အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားမယ်၊ လက်ရွေးစင် အသင်းကြီး အောင်မြင်မှု ရစေဖို့ ကြိုးစားမယ် စသဖြင့် မကြားခဲ့ရပါဘူး။ ကျွန်တော်တော့ ဆုတောင်းပါတယ်။ သူတို့တတွေ စကားလှလှ မပြောတတ်တာပဲ ဖြစ်ပါစေ၊ တကယ့် ရင်ထဲမှာတော့ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ရှိကြပါစေလို့။
ဇင်သော်နိုင်ရေ...
၂၀၁၂ ဆူဇူကီး ဖလားက မြန်မာအသင်း အတွက် ဂုဏ်သိက္ခာ ဆယ်ဖို့ အခွင့်အရေး တစ်ခုဆိုရင်လည်း မမှားဘူးနော်။ ဘာလို့လဲဆိုတော့ လက်ရှိ ရောက်နေတဲ့ ကမ္ဘာ့အဆင့် အနေအထားရယ်၊ ဆူဇူကီးဖလား သမိုင်းတစ်လျှောက် တစ်ကြိမ်သာ စတုတ္ထရခဲ့ပြီး ကျန်တဲ့ အကြိမ်တိုင်း အုပ်စုအဆင့်ကချည်း လှည့်ပြန် ရတာတွေကြောင့် ဒီတစ်ကြိမ် ရလဒ်ကောင်း ရဖို့က အရမ်းကို အရေးကြီး နေပါတယ်။ လာမယ့် အောက်တိုဘာ ၅ရက်နေ့ ဆိုရင်ပဲ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမော စတဲ့ (၅)နိုင်ငံ ပါဝင်တဲ့ ခြေစစ်ပွဲ အုပ်စုအဆင့်ကို ရန်ကုန်မှာ ကစားရတော့မှာပါ။ နာမည်တွေ အရတော့ မြန်မာတို့ မနိုင်နိုင်စရာ တစ်သင်းမှ မရှိသလို အုပ်စုဗိုလ်အနေနဲ့ ခြေစစ်ပွဲအောင်ဖို့ ရာခိုင်နှုန်း များနေတာ တွေ့ရပါတယ်။ ခြေစစ်ပွဲမတိုင်မီ လာမယ့် စက်တင်ဘာလ ထဲမှာလည်း စင်ကာပူနဲ့ ခြေစမ်းမယ့် အပြင် ဂျပန်ကိုလည်း ပူးတွဲလေ့ကျင့်ရေး သွားလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဂျပန် ခရီးစဉ်ဟာ ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပေမယ့် သွားမယ့်ကာလ တိုတိုလေး အတွင်းမှာ ဂျေလိဂ် ကလပ်အသင်း ၃သင်းနဲ့ ခြေစမ်းပွဲ ၃ပွဲအထိ ကစားဖို့ စီစဉ် ထားတာကြောင့် ပတ်ဆောင်ဟွာ အနေနဲ့ ဂျပန်မှာ သေချာပြင်ဆင် လေ့ကျင့်ချိန် ရနိုင်ပါ့မလား ကြံကြံဖန်ဖန် တွေးပူမိ ပြန်ပါတယ်။ ဘာလို့ ဒီလိုပြောရလည်း ဆိုတော့ ပြီးခဲ့တဲ့ ယူ-၂၂ အသင်းကို တောင်ကိုရီးယားပို့ လေ့ကျင့်စေ ခဲ့တုန်းက ရက် (၂၀)ကျော် ကြာခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ပတ်ကျော်သာ ကြာမယ် ဆိုတာကြောင့်ပါ။ ဘာလိုပဲဖြစ်ဖြစ် အရင်က ထက်စာရင် အခုလို လေ့ကျင့် ခြေစမ်းခွင့်မျိုး ရတဲ့ အပေါ်မှာတော့ ကျေနပ်ရမှာ အမှန်ပါပဲ။
ကံကောင်းတာက ကျွန်တော်တို့ နိုင်ငံ့ လက်ရွေးစင် အသင်းကို ပတ်ဆောင်ဟွာလို နည်းပြကောင်း တစ်ဦးက ကိုင်တွယ် နေတာပါပဲ။ ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်အရ ဆိုရင် သူဟာ မြန်မာဘောလုံး အသင်းကို အရှေ့တောင် အာရှ အဆင့်မှာ ပြန်လည် ဦးမော့လာရုံ တင်မကဘဲ အာရှအဆင့်ထိ တက်လှမ်းနိုင်ဖို့ အထိ ရည်မှန်း ထားပုံရပါတယ်။ သူနဲ့ စကားပြော မိသလောက်၊ သူ ကစားသမား တွေကို ပြောဆိုပုံ၊ သူ့အင်တာဗျူးတွေ၊ သတင်း သမားတွေနဲ့ တွေ့ဆုံစဉ်တွေမှာ အကဲခတ် မိတာတော့ သူဟာ အတော်လေး ရည်မှန်းချက် ကြီးမားတဲ့ နည်းပြကောင်း တစ်ဦး ဆိုတာသေချာ သိလာရပါတယ်။ အချိန်ကို တန်ဖိုးထားတယ်၊ စည်းကမ်းကြီးတယ်၊ ကစားသမား တွေကိုလည်း ခက်ခက်ခဲခဲ ကြိုးပမ်း လေ့ကျင့်စေတယ်။ သူ့နဲ့ ချုပ်ထားတဲ့ စာချုပ်အရတော့ လာမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲ အထိ စာချုပ်သက်တမ်း ရှိနေသေးပြီး သူပြောပြောနေကျ စကားအရဆိုရင် ဆီးဂိမ်းစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ဖို့က သူ့ရဲ့ အဓိက ရည်မှန်းချက်လို့ ဆိုပါတယ်။ သူ့လက်ထက်မှာ မြန်မာ့ဘောလုံး အဆင့်အတန်း အမှန်ပဲ ပြန်လည် ဦးမော့လာမလား ဆိုတာကတော့ ပြောဖို့ စောနေသေးတာ အမှန်ပါပဲ။
ဇင်သော်နိုင်ရေ...
ရံပုံငွေ ခြေစမ်းပွဲ အကြောင်းလေး နိဂုံးချုပ်အနေနဲ့ ပြောချင် ပါသေးတယ်။ အဲဒီ ခြေစမ်းပွဲက ကျွန်တော်တို့ဆီက မသန်စွမ်း အားကစားသမား တွေအတွက် ရံပုံငွေပွဲ အဖြစ် ကျင်းပခဲ့တာပါ။ ပွဲမတိုင်မီမှာ မသန်စွမ်း ကစားသမားတွေက နှစ်ဘက်ခွဲ သရုပ်ပြပွဲ ကစားစေခဲ့ပြီး သူတို့တတွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး အားကစားကွင်း ဖြစ်တဲ့ သုဝဏ္ဏကွင်းထဲမှာ ဘောလုံး ကစားခွင့် ရတဲ့အပေါ် အရမ်းကို ကျေနပ် ခဲ့ကြတယ်လို့ သိရပါတယ်။ ထို့အတူပါပဲ၊ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကလပ်အသင်း ပိုင်ရှင်တွေက အလှူငွေ ဒေါ်လာ (၁၀၀၀၀) ပေးအပ် လှူဒါန်းခဲ့တာမို့ လူသာဓုခေါ်၊ နတ်သာဓုခေါ်လို့ ဆိုရမှာပါ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ ကွင်းဝင်ကြေး အနေနဲ့ အထူးတန်း ကျပ် (၁၀၀၀)၊ ရိုးရိုးတန်း ကျပ် (၅၀၀)လို့ သတ်မှတ်ခဲ့ပြီး ၀င်ကြေးအားလုံးကို မသန်စွမ်း အားကစားသမားတွေ အတွက် လှူဒါန်း ခဲ့ပါသေးတယ်။ တစ်ခုပဲ ပြောစရာ ရှိနေတာက အဲဒီပွဲမှာ ပရိသတ် အရေအတွက် ဘယ်လောက် လာကြည့်တယ်၊ ၀င်ကြေး ဘယ်လောက် ကိုတော့ဖြင့် လှူဒါန်းလိုက် နိုင်တယ် ဆိုတာ မကြေညာ ခဲ့တာပါပဲ။ အမှန်ဆို ဒီရံပုံငွေပွဲကို လာရောက် အားပေးတဲ့ ပရိသတ်တွေ အနေနဲ့ သိချင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး သေချာ စနစ်တကျ ထုတ်ပြန်ကြေညာ ပေးပါမှလည်း နောက်နောင် ကျင်းပမယ့် ရံပုံငွေပွဲတွေမှာ ပရိသတ်တွေက ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင် လာလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည် နေမိတယ်ဗျာ။
မှတ်ချက်။ ။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ထွက်ရှိမည့် Soccer Myanmar အားကစားဂျာနယ်မှ ဆောင်းပါး ဖြစ်ပါသည်။
No comments:
Post a Comment