Monday, 27 August 2012

ဖားကန့် မြို့နယ်တွင် တိုက်ပွဲ များကြောင့် ဒေသခံ ခြောက်ထောင် ခန့် နေရပ် စွန့်ခွာ



ရန်ကုန် ၊ သြဂုတ် ၂၆
ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်( KIA ) နေ့စဉ် တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် ကျေးရွာ ၁၃ ရွာမှ စွန့်ခွာလာသည့် ဒုက္ခသည် ၅၉၃၅ ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ နေရပ်စွန့်ခွာ ဒုက္ခသည်များကို ဖားကန့်မြို့ပေါ် ရပ်ကွက်နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ ခရစ်ယာန် ဘုရားကျောင်း တို့တွင် ဒုက္ခသည် စခန်း ဖွင့်လှစ်ထားသည်မှာ ၁၉ ခု ရှိကြောင်း ၄င်းတို့ထံမှ သိရသည်။
“ တိုက်ပွဲကတော့ ရက်ဆက်ပေမယ့် သိပ်မပြင်းထန်သေးဘူး။ဒါပေမယ့် စစ်အင်အား တိုးချဲ့နေကြတာတွေ များတော့ ဒေသခံတွေ ကြောက်ပြီး ပြေးလာတာပါ” ဟု ဖားကန့်မြို့မှ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ဖားကန့်မြို့ပေါ် ရပ်ကွက်ဖြစ်သော ငှက်ပျောတော ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ တိုက်ပွဲ ဖြစ်တဲ့ နေရာက မြို့နဲ့ တစ်မိုင် နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ နေ့တိုင်း ဖြစ်နေတယ်။ လက်နက်ကြီးသံတွေ ကြားရတယ်” ဟု ဆိုသည်။
ဖားကန့်မြို့နယ်တွင် အစိုးရ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့သည် သြဂုတ်လ ၁၅ ရက်နေ့မှ တိုက်ပွဲများ ပြန်လည် စတင်ခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် နေရပ်စွန့်ခွာ ဒုက္ခသည်များ ရောက်ရှိလာသည့်အတွက် ယာယီ တည်းခိုရေး စခန်းများ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော်မှ ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် မြန်မာ အစိုးရ၏ ပြည်တွင် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက်မရ ရှိသေးကြောင်း မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment