Thursday, 23 August 2012

Nokia World ပြပွဲ၌ Windows 8 သုံး ဖုန်း ၃ လုံးကို Nokia ပြသရန် စီစဉ်ထား


Nokia ကုမ္ပဏီသည် Micorsoft ကုမ္ပဏီနှင့်ပူးပေါင်းကာ သတင်းစာ ရှင်းလင်း ပွဲ တစ်ခုကို လာမည့် စက်တင်ဘာလ ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတွင် Nokia ၏ Windows 8 သုံး ဖုန်း ၃ လုံးကို မိတ်ဆက်တင်ပြသွားရန် ရှိနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။ အဆိုပါပွဲကို Nokia World event ဟု ခေါင်းစဉ်တပ်ကာ ကျင်းပမည်လည်း ဖြစ်သည်။
Nokia ၏ လက်ရှိအမြင့်ဆုံး ဖုန်းဖြစ်သည့် Nokia Lumia 900 မှာ Microsoft ၏ Windows 7 OS ကို အသုံးပြု ထုတ်လုပ်ထားခြင်းဖြစ်ပြီး လာမည့် Nokia World event ပြပွဲတွင် Windows 8 OS ကို အသုံးပြုထားသော ဖုန်းများကို မိတ်ဆက်တင်ပြသွားရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဖုန်း ၃ လုံး၏ သွင်ပြင်နှင့် လုပ်ဆောင်နိုင်မှုများကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း cnet သတင်းဌာန၏ ခန့်မှန်း သုံးသပ်ချက်များအရ အဆိုပါ ဖုန်း ၃ လုံးထဲမှ Lumia 900 နေရာကို ရယူမည့်ဖုန်းမှာ လက်ရှိ၌ Lumia 1000 ဟု ရေးပန်းစား ခေါ်တွင်နေကြပြီး အဆိုပါဖုန်း၏ features အချို့ကို သုံးသပ်ဖော်ပြ ထားသည်။ Lumia 1000 ဖုန်းမှာ အသွင်အပြင်အားဖြင့် Lumia 900 နှင့် ဆင်တူမည်ဖြစ်သော်လည်း hardware ပိုင်းများတွင်မူ မြှင့်တင် အသုံးပြုထားခြင်းများ ရှိမည်ဖြစ်သည်။
လက်ရှိတွင် အမြန်ဆုံးဖုန်းများဖြစ်သည့် HTC One X နှင့် Samsung Galaxy S3 ဖုန်းများတွင် အသုံးပြုထားသော Qualcomm ၏ dual-core Snapdragon S4 Plus processor ကို အသုံးပြုမည်ဖြစ်ပြီး အဆိုပါ chipset မှာ LTE စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ 1280 x 720 HD resolution ပမာဏ ထောက်ပံ့ပေးနိုင်မည့် 4.3 inch AMOLED screen ကို အသုံးပြုမည်ဖြစ်သည်။ အဆိုပါ ဖုန်းတွင် NFC စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Microsoft ၏ Tap+Share နှင့် digital wallet features စနစ်များ ပံ့ပိုးပေးထားမှုကလည်း short-range ဆက်သွယ်ရေး နည်းပညာကဏ္ဍကို ပိုမိုအသက်ဝင်စေမည် ဖြစ်သည်။


No comments:

Post a Comment