Wednesday, 22 August 2012

သီရိမင်္ဂလာကုန်စိမ်း ဈေးကွက်တွင် ဂေါ်ဖီ ကုန်သည်များ သိန်းရာချီ အရှုံးပေါ်


၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ် ထားသော သီရိမင်္ဂလာ ဈေကြီး အတွင်းရှိ ကုန်စိမ်း ဈေးကွက်တွင် ဂေါ်ဖီ ကုန်သည်များ သိန်းရာချီ အရှုံးပေါ်နေပြီး ပန်းဂေါ်ဖီများ ဈေးမာ နေကာ တညင်းဈေးများ ဆက်လက်ကျဆင်းလာကြောင်း အဆိုပါ ဈေးအတွင်းရှိ ကုန်စိမ်းပွဲရုံ ပိုင်ရှင်များက ပြောကြားသည်။
အရှုံးပေါ်နေတဲ့ ဂေါ် ဖီထုပ်
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း မြို့မှ ဂေါ်ဖီထုပ်များမှာ
ယခုနှစ်အတွင်း အဝင်များနေပြီး ဩဂုတ်လမှစတင်၍ ယခင် ထက် ပိုမိုဝင်ရောက်လာသဖြင့် ဂေါ်ဖီပွဲစား အများစု အရှုံးပေါ်နေကြောင်း သီရိမင်္ဂလာ ဈေးအတွင်းရှိ ဂေါ်ဖီပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “ဒီနှစ်က မနှစ်ကထက် ပိုဆိုးတယ်။ ပွဲစားကြီးတွေတောင်ရှုံးတာ သိန်းတစ် ထောင်နားကပ်နေပြီ။ တချို့ဆိုကားတောင် မတင်နိုင်တော့ဘူး”ဟု ၄င်းကဆိုသည်။
ယခုနှစ်တွင် ဂေါ်ဖီလုပ်ကိုင်သူအများစု သာအရှုံးပေါ်နေသည်မဟုတ်ဘဲ ဂေါ်ဖီ စိုက်ပျိုးသော တောင်သူများပါအရှုံးနှင့် ရင်ဆိုင်နေရသဖြင့် လာမည့်နှစ် ဂေါ်ဖီထွက် အား လျှော့ကျလာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ “ရှမ်းပြည်နယ်က ဂေါ်ဖီရာသီက ရှစ် လ ရှိတယ်။ အဲဒီ ရှစ်လမှာ ခြောက်လခွဲ လောက်က ရှုံးနေတာ”ဟု သီရိမင်္ဂလာဈေး အတွင်းရှိ ဂေါ်ဖီပွဲစားတစ်ဦးက ဆိုသည်။
ဂေါ်ဖီစိုက်ပျိုးသော တောင်သူများ အနေဖြင့်လည်း အပင်မှထွက်လာသော ဂေါ်ဖီများကို မခုတ်ဘဲထားပါက ပုပ်သွား သဖြင့် ထွက်သမျှဂေါ်ဖီများအား ခုတ်၍ ရရာဈေးဖြင့်သာ ရောင်းနေရကြောင်း ၄င်း က ဆက်လက်ရှင်းပြသည်။ ရန်ကုန်မြို့တွင်း ဂေါ်ဖီရောင်းအားမှာ ပုံမှန်အတိုင်းရှိနေသော်လည်း နယ်ဈေးကွက် လျော့ကျ လာသဖြင့် ဝင်ရောက်လာသော ပမာဏကိုကုန်အောင် အလွန်ခက်ခဲစွာ ရောင်းနေရကြောင်း ၄င်းကဆိုသည်။
ယခင် ရန်ကုန်မှ အခြားဒေသများသို့ ဂေါ်ဖီများ ပုံမှန်တင်ပို့နေရသော်လည်း ယခု အချိန်တွင် ရာသီဥတုကြောင့် အများဆုံး တင်ပို့ရသော ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးမှုများဖြစ်ပေါ်နေသဖြင့် အဝယ်နည်း သွားကြောင်း ဂေါ်ဖီပွဲစားကြီး ဦးသန်းထွန်းဇော်က ပြောကြားသည်။ “အခု ပုသိမ်ဘက်မှာ ရေကြီးနေတော့ လမ်းတွေလည်း ပျက်နေတယ်။ ပုသိမ်ကုန် ကားတွေလည်း ဒုက္ခရောက်နေတယ်။ သင်္ဘောကျတော့လည်း အရင်လိုနေ့တိုင်း မထွက်တော့ဘူး။ တစ်ပတ်ကို သုံးကြိမ်ပဲ ထွက်တော့တယ်”ဟု ၄င်းကဆိုသည်။
ထားဝယ်မြို့နှင့် ရေးမြို့ဘက်မှ ပွဲစား အများစုမှာလည်း ယခုနှစ်တွင် ဂေါ်ဖီအရှုံး များသဖြင့် မှာယူမှုနည်းသွားကြသဖြင့် ပွဲရုံများတွင် ပစ္စည်းများပုံနေပြီး ကျဆင်း နေပြီးသား ဈေးထက်ပင် ကျပ် ၅၀၊ ၁၀ဝ ခန့် လျှော့ချရောင်းနေရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ယခုလက်ရှိ ဂေါ်ဖီ တစ်ထုပ်လျှင် အကောင်းဆုံး ကျပ် ၃၀ဝ မှ အသေးတစ် ထုပ် ကျပ် ၇၀၊ ၈၀ ခန့်အထိရှိနေပြီး လာ မည့် ဂေါ်ဖီဈေးကွက်မှာ ဦးမော့လာနိုင်ခြေ အလွန် နည်းပါးနေသေးကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။
ရာသီကုန်ချိန် နီးကပ်လာသဖြင့် တညင်းရောင်းအား ကျဆင်း
တောင်ပေါ်ဒေသများမှ ထွက်ရှိသော တညင်းသီးများမှာ ရာသီကုန်ချိန် နီးကပ် လာသဖြင့် ဝယ်လက်နည်းပါးလာပြီး ဈေး နှုန်းများ တရိတ်ရိတ်ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ တညင်းပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားသည်။ “ဈေးထပ်ကျလာတာတော့ တစ်ပတ် ဆယ်ရက်လောက်ရှိပြီ။ တစ်တင်းကို ကျပ် ၅၀ဝ၀၊ ၆၀ဝ၀ လောက် ကျလာတယ်”ဟု ၄င်းက ဆိုသည်။
ယခုလက်ရှိ မြစ်ကြီးနားမြို့နှင့်စစ်တွေ မြို့များမှ အသီးများဝင်ရောက်နေပြီး ရှမ်း ပြည်နယ်မှ ဝင်ရောက်လာသော အသီးများ မှာ အသီးနုသေးသဖြင့် ဝယ်လက်အများစု မနှစ်သက်ကြကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။မြစ်ကြီးနားနှင့် စစ်တွေသီးများမှ ယခု အချိန်ရာသီကုန်ဆုံးချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ယခုလကုန်ပိုင်းသို့ရောက်ရှိလာ ပါက ဝင်ရောက်မှု ရပ်တန့်သွားမည်ဖြစ် ကြောင်း သံတွဲမြို့မှ ဝင်ရောက်နေသော တညင်းသီးများမှာလည်း လာမည့်အပတ် တွင် ဝင်ရောက်တော့မည်မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
တညင်းသီးများ ရာသီကုန်ချိန်သို့ ရောက်ရှိလာသော်လည်း ယခင်နှစ်များကဲ့ သို့ မဟုတ်ဘဲ ရောင်းအားကျဆင်းလာ ကြောင်း တညင်းသီး အဓိက စားသုံးသော ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ရေကြီး မှုများဖြစ်ပေါ်နေသဖြင့် မှာယူမှုထက်ဝက် ခန့် ကျဆင်းသွားကြောင်း သီရိမင်္ဂလာ ဈေးရုံ(ခ)အတွင်းရှိ တညင်းပွဲစား ဦးပြား ကပြောကြားသည်။ “ဟိုမှာ အရေးကြီးနေတော့ ရောင်းဖို့ မပြောနဲ့။ သယ်ဖို့တောင် အခက်အခဲဖြစ်နေ တာ။ အရင် ၁၀ အိတ်မှာတဲ့သူက အခု ၅ အိတ်တောင်မှာဖို့ အနိုင်နိုင်”ဟု ၄င်းက ဆို သည်။
ယခုလက်ရှိ မြစ်ကြီးနားသီးတစ်တင်း လျှင် ကျပ် ၃၀ဝ၀ဝ၊ ရခိုင်သီးတစ်တင်း လျှင် ကျပ် ၂၅၀ဝ၀၊ ရှမ်းသီးတစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ ခန့်ရှိပြီး စက်တင်ဘာလသို့ ရောက်ရှိလာပါက ရှမ်းပြည်နယ်မှ အသီး တစ်မျိုးတည်းသာ ဝင်ရောက်တော့မည် ဖြစ်သဖြင့် အသီးရှားပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာနိုင်ကြောင်း ၄င်းကသုံးသပ် ပြောကြားသည်။
နယ်ဈေးမြင့်လို့ အဝင် နည်းနေတဲ့ ပန်းဂေါ်ဖီ
ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက် နေသော ပန်းဂေါ်ဖီများမှာ မန္တလေးမြို့တွင် ဈေးကောင်းရနေသဖြင့် ရန်ကုန်သို့ အဝင် နည်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်း ရှိ ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “မန္တလေးမှာ ပန်းဂေါ်ဖီဈေးကောင်း နေတော့ ပွဲစားတွေအနေနဲ့က အဲဒီကိုပဲ ပို့တာများတယ်။ မန္တလေးဆိုတော့ ကားခ လည်း သက်သာတယ်။ ဈေးလည်းပို့ရ တော့ ကိုက်တာပေါ့”ဟု ၄င်းကဆိုသည်။
အောင်ပန်းမြို့မှ မန္တလေးမြို့သို့ တင် ဆောင်ရသော ကုန်တင်ယာဉ်ခမှာ ရန်ကုန် နှင့် နှိုင်းယှဉ်ပါက ငါးချိုးတစ်ချိုးသာရှိပြီး ပွဲစားအများစု မန္တလေးသို့ တင်ပို့ကြသဖြင့် ရန်ကုန်သို့ ဝင်ရောက်မှု ပမာဏနည်းသွား ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြ သည်။ ယခင်က ရန်ကုန်မြို့သို့ တစ်ရက်လျှင် ပန်းဂေါ်ဖီအပွင့် နှစ်သောင်းခန့် ဝင်ရောက် ခဲ့သော်လည်း ယခု ဩဂုတ်လမှစတင်၍ တစ်ရက်လျှင် အပွင့်တစ်သောင်းခန့်ပင် ဝင် ရောက်မှု မရှိတော့ကြောင်း ၄င်းကဆက် လက်ပြောကြားသည်။
ယခုနှစ် ရှမ်းပြည်နယ်အတွင်း ပန်း ဂေါ်ဖီ စိုက်ပျိုးမှုပမာဏ နည်းပါးခဲ့ပြီး အထွက်လည်းနည်းခဲ့သဖြင့် ဈေးငြိမ်နေပြီး ရန်ကုန်ဈေးကွက်တွင်လည်း ပန်းဂေါ်ဖီ ဝယ်လက်နည်းပါးနေကြောင်း ရန်ကုန်မှ နယ်မြို့များသို့သာ အဓိကတင်ပို့နေရ ကြောင်း ၄င်းက ဆိုသည်။ “ဒီနှစ်က ဂေါ်ဖီအထွက်များတယ်။ နောက်ပြီး ပန်းဂေါ်ဖီက မြေရွေးတယ်။ စိုက် ချင်တဲ့နေရာမှာ စိုက်လို့မရဘူး။ နောက်ပြီး ဓာတ်မြေဩဇာတွေဘာတွေ ကောင်း ကောင်းကျွေးမှ အပွင့်လှတော့ တောင်သူ တိုင်းမစိုက်နိုင်ဘူး”ဟု ဦးအာလကူးပွဲရုံ ပိုင်ရှင်က ဆိုသည်။
ယခုလက်ရှိ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့်ရှိပြီး လာမည့်ပန်းဂေါ်ဖီ ဈေးကွက်တွင် အောက်တိုဘာလအထိ ယခုဈေးအတိုင်းပင် ရှိနေနိုင်ကြောင်း ယခု လက်ရှိ မြို့တွင်းရောင်းအားရော နယ်ဈေး ကွက်ပါ ရှိနေသဖြင့် ဈေးကွက်ကျဆင်း သွားနိုင်ရန် ခက်ခဲကြောင်း ၄င်က သုံးသပ် ပြောကြားသည်။
ပစ္စည်းရှားလို့ ဈေးတက်လာနိုင်တဲ့ငရုတ်
ငရုတ်သီးစိမ်းထွက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအနောက်ဘက်ခြမ်းဒေသများ တွင် ငရုတ်ခင်းများ ရေနစ်မြုပ်နေသဖြင့် ရန်ကုန်သို့ ငရုတ်သီးစိမ်းအဝင်နည်းလာ ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ငရုတ် သီးစိမ်း လက်လီလက်ကားရောင်းချနေ သော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
“အခု အဝင်နည်းနေပေမယ့်လည်း အရောင်းအဝယ် မကောင်းတော့ ဈေးက သိပ်မတက်ပါဘူး”ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ ငရုတ်သီးစိမ်းသည် မြို့ တွင်းရောင်းအားကျဆင်းနေပြီး နယ်ဈေး ကွက်သာ အဓိကအားထားနေရကြောင်း၊ ငရုတ်သီးစိမ်းရောင်းချသော ပွဲရုံအများစုမှာ ယခုအချိန်တွင် နှစ်စဉ်အရှုံးဖြင့်သာ ရောင်း ချနေရကြောင်း ၄င်းကဆက်လက်ရှင်းပြ သည်။ “နှစ်တိုင်း ဒီအချိန်က ရှုံးနေတဲ့အချိန် ပဲ။ ဒါပေမယ့် ဒီနှစ်က ပိုဆိုးတယ်။ ဧရာဝတီမှာ ရေကြီးနေတော့ ဝယ်အားနည်း တယ်။ မြို့တွင်း ရောင်းအားလည်းနည်း၊ နယ်ပါအေးတော့ ပိုဆိုးတယ်”ဟု ၄င်းက ဆိုသည်။
ယခုရာသီသည် ဧရာဝတီတိုင်းဒေသ ကြီးသို့ အဓိကတင်ပို့ရသော ရာသီဖြစ်ပြီး ယခုနှစ်တွင် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေ သဖြင့် ဝယ်ယူမှု ပမာဏထက်ဝက်ခန့် ကျ ဆင်းသွားကြောင်း ပြည့်စုံ ငရုတ်သီးစိမ်း ပွဲရုံပိုင်ရှင်က ပြောကြားသည်။ ယခုလက်ရှိ တစ်ရက်လျှင် ငရုတ်သီး စိမ်း အိတ် ၃၀ဝ ခန့်သာ ဝင်ရောက်လျက် ရှိပြီး ယခင်က တစ်ရက်လျှင် အိတ် ၅၀ဝ ကျော်ခန့် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။
“ဟိုမှာ ဝယ်ဈေး မြင့်နေတယ်။ ဝယ် ဈေးနဲ့ ရောင်းဈေးနဲ့က အတူတူပဲ။ ဒီမှာ ရောင်းအားမကောင်းတော့ ရှုံးတာပေါ့”ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ ပီနံသီးတစ်ပိဿာ ကျပ် ၂၂၀ဝ၊ အသွယ် တစ်ပိဿာကျပ် ၈၀ဝ၊ မိုးထောင်နှင့် မျှားနီ တစ်ပိဿာ ကျပ် ၆၀ဝ ခန့်ရှိပြီး လာမည့် ငရုတ်ဈေးကွက်အတွင်း ငရုတ်သီးအဝင်နည်းနေနိုင်ပြီး နယ်စွဲအား မြင့်တက်လာပါက ဈေးနှုန်းမြင့်တက်လာ နိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြား သည်။
ဈေးကွက်ပုံမှန်ဖြစ်နေတဲ့ ခရမ်းချဉ်
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ဒေသမှ ထွက်သော ခရမ်းချဉ်သီးများမှာ ဈေးနှုန်းရော ရောင်းအားပါ ပုံမှန်အတိုင်း သာရှိနေပြီးနယ်ဈေးကွက်အေးသွားကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်းချဉ်သီး အဓိကလုပ်ကိုင်သော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယခုလက်ရှိ အင်းလေးဒေသမှ အသီး တစ်မျိုးသာ ရန်ကုန်ဈေးကွက်သို့ဝင်ရောက် နေပြီး မြန်မာပြည်အောက်ပိုင်းဒေသများ တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသဖြင့် တင်ပို့မှုပမာဏလျော့ကျသွားကြောင်း ၄င်း က ဆက်လက်ရှင်းပြသည်။
အင်းလေးဒေသမှ ခရမ်းချဉ်သီးများမှာ ယခုအချိန်တွင် အဝင်ပုံမှန်သာ ရှိနေသဖြင့် ဝင်အားနှင့် ဖြုန်းအားမျှနေပြီး တစ်ရက် လျှင် ၁၅ ပိဿာဝင် ခရမ်းချဉ်သီး သေတ္တာ ၂၀ဝ၀ ခန့် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
ယခု လက်ရှိ ခရမ်းချဉ်သီးတစ်တာ လျှင် ကျပ် ၇၀ဝ၀ ခန့်ရှိပြီး လာမည့် ခရမ်း ချဉ်သီးဈေးကွက်မှာ အောက်တိုဘာလ အထိ ပုံမှန်ဈေးအတိုင်းသာရှိနေနိုင်ကြောင်း ၄င်းကဆိုသည်။
သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စိမ်း ဈေးကွက်အတွင်း ဂေါ်ဖီပွဲစားသမားများ သာ အရှုံးပေါ်နေသော်လည်းအခြားပစ္စည်း အများစုမှာ ဈေးကွက်ပုံမှန်အတိုင်းသာ ရှိ နေနိုင်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် ရာသီကုန်ချိန် ရောက်ရှိနေပြီဖြစ်သဖြင့် တညင်းသီးဈေးနှုန်းများ မြင့်တက်လာနိုင် ကြောင်း ကုန်စိမ်းပွဲရုံပိုင်ရှင်များက သုံးသပ် ပြောကြားသည်။
ဖြိုးဝေလင်း

No comments:

Post a Comment