Tuesday, 21 August 2012

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဒေါ်မာမာအေး သီချင်း ပြန်လည် ထည့်သွင်း


ယခုနှစ်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသို့ ရောက် ရှိနေ သည့် အဆိုတော်ဒေါ်မာမာအေး သီဆိုခဲ့သော တေးသီချင်း များအား ပါဝင်ယှဉ်ပြိုင်ရမည့် စာရင်းတွင် ထည့်သွင်းထားကြောင်း ယခုလ ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များ၌ ဖော်ပြ ထားသည်။

“ကျွန်တော်တို့ကတော့ သီချင်းတွေကိုပဲ ရွေးတာများပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ မရှိပါဘူး။ အဆိုအကဲဖြတ်အဖွဲ့က တင်ပေးလိုက်တဲ့ သီချင်းတွေကို ခွင့်ပြုတာများပါတယ်။ အဓိကကတော့ သီချင်းကောင်းဖို့ပါပဲ။ ဒီနှစ်မှာတော့ ဒေါ်မာမာအေးသီချင်း တစ်ပုဒ်ပါပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အဆိုပါပြိုင်ပွဲ၏ အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်းတေး၊ ကာလပေါ်တေး ဘာသာရပ်၏ ၀ါသနာရှင် (ပထမတန်း)အဆင့် အမျိုးသမီးပြိုင်ပွဲတွင် သီဆိုယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် တေးသီချင်း ၁၀ ပုဒ်အနက် ဒေါ်မာမာအေး၏ “ပိတောက် လမ်း” တေးသီချင်းအား ပါဝင် ယှဉ်ပြိုင်ရန် ထည့်သွင်းထားခြင်းဖြစ်သည်။
ဒေါ်မာမာအေးသည် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ အဆိုအကဲဖြတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက်ပိုင်း ၎င်း၏တေးသီချင်းများအား နိုင်ငံပိုင်ရုပ်သံလိုင်းများ၌ ထုတ်လွှင့်ပြသခြင်း၊ အသံလွှင့်ခြင်းများ ပြုလုပ်ခြင်း မရှိတော့ပေ။ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှစ၍ သီဆိုသူမာမာအေး အမည်ဖြင့် တေးသီချင်းများအား ထည့်သွင်းယှဉ်ပြိုင်စေခြင်း မပြုဘဲ ယခုနှစ်တွင်မှ ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်သည်။

No comments:

Post a Comment