Tuesday, 21 August 2012

အနာဂတ် လေယာဉ်သစ် တစ်မျိုးကို NASA နှင့် Boeing တို့ ပူးပေါင်းဖန်တီး


အနာဂတ် ကာလအတွက် ရည်ရွယ် ထားသည့် လေယာဉ်သစ် တစ်မျိုးကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA) နှင့် Boeing ကုမ္ပဏီတို့ ပူးပေါင်း ဖန်တီး နေကြောင်း သိရှိရသည်။

  Boeing သည် သာမာန် ခရီးသည်တင် လေယာဉ် ဒီဇိုင်းများကို တော်လှန်ပစ်ပြီး တောင်ပံ အနေအထားကို လုံးဝ ပြောင်းလဲပစ်လိုက်သည့် တြိဂံပုံသဏ္ဍာန် လေယာဉ်ကို NASA နှင့် ပူးပေါင်း သုတေသနပြုနေခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သစ်၏ အဓိက အားသာချက်သည် လောင်စာဆီ အသုံးပြုမှု အလွန် သက်သာသွားမည်ဟု သတင်းများက ဆိုသည်။ သို့သော်လည်း ယနေ့ခေတ် ခရီးသည်တင် လေယာဉ်များတွင် တွေ့မြင်နေရသည့် အပြင်ဘက်သို့ လှမ်းကြည့်နိုင်သော ပြတင်းပေါက် နံဘေးတွင် ထိုင်ခုံကပ်လျက် ချထားခြင်းမျိုးမှာမူ ပျောက်ကွယ်သွားမည် ဖြစ်သည်။
NASA က အဆိုပါ လေယာဉ်ဒီဇိုင်းသည် ဆယ်စုနှစ် အနည်းငယ်အတွင်း အနာဂတ် ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး နယ်ပယ်ကို လွှမ်းမိုးသွားမည်ဟု ယူဆလျက်ရှိသည်။ ယခုအခါ မျိုးစပ်နည်းပညာသုံး အဆိုပါ အနာဂတ် လေယာဉ်ဒီဇိုင်းကို Boeing နှင့် NASA တို့ အလေးအနက် ပူးပေါင်း စမ်းသပ်နေခြင်း ဖြစ်သည်။ ဗြိတိန်တွင် တည်ဆောက်ခဲ့သော လေယာဉ်ဒီဇိုင်းသည် နှစ်ပေါင်း (၅၀) အတွင်း ခရီးသည်တင် လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ကြီးကျယ်သော ခြေလှမ်း အပြောင်းအလဲ တစ်ရပ် ဖြစ်လာဖွယ် ရှိနေသည်။
ယခု စမ်းသပ်အဆင့် လေယာဉ်ဒီဇိုင်းသည် အမှန်တကယ် ရည်ရွယ်ထားသည့် လေယာဉ် အရွယ်အစား၏ (၈.၅) ရာခိုင်နှုန်းသာရှိပြီး အလေးချိန် ပေါင်(၅၀၀) ရှိသည်။ X-48C ဟု အမည်ပေးထားသော ဒီဇိုင်းသည် အမြင့်ပေ တစ်သောင်းမြင့်အထိ တက်ရောက်သော (၃၅) မိနစ်ကြာ ပျံသန်းနိုင်ကြောင်း သိရသည်။
NASA ယခု သီတင်းပတ် အတွင်း အဆိုပါ လေယာဉ်ဒီဇိုင်းငယ်ကို (၉) မိနစ်ကြာ ပျံသန်းစေပြီးနောက် ယင်းစမ်းသပ်မှု သည် မျှော်မှန်းထားသည့် အတိုင်း အောင်မြင်ကြောင်း ကြေညာခဲ့သည်။
ကြယ်စင်(လားရှိုး)

No comments:

Post a Comment