မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် အဲဗာတန်အား အဝေးကွင်းတွင် အရေးနိမ့် သွားခဲ့သည်။
မန်ယူသည် ယခုပွဲတွင် ကစားကွက်ကို ပြောင်းလဲစမ်းသပ် အသုံးပြုခဲ့သော်လည်း မာကျောလျင်မြန်သည့် အိမ်ရှင်အသင်း၏ ကစားပုံအား မယှဉ်နိုင်ခဲ့ချေ။ အဲဗာတန် အသင်းတွင် နီကီကာ ဂျီလာဗစ်၊ မော်ရိုဖယ်လိုင်နီ၊ လီယွန်အော့စ်မန်၊ စတီဗင်ပီနာ၊ ဒါရန်ဂစ်ဘ်ဆန်၊ ဖီးလ်နဗီးလ်၊ လေတန်ဘိန်းစ်၊ ဖီးလ်ဂျက်ဂီလ်ကာ၊ တိုနီဟစ်ဘတ်နှင့် ဆီလ်ဗိန်း ဒစ္စတင်တို့ ပါဝင် ကစားခဲ့သည်။ မန်ယူတွင်မူ ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်၊ လူးဝစ်နာနီ၊ ရှင်ဂျီကာဂါဝါ၊ ပေါလ်စခိုးလ်၊ တွမ်ကလီဗာလေ၊ ပက်ထရစ် အီဗရာ၊ နီမန်ဂျာဗီဒစ်၊ မိုက်ကယ် ကာရစ်နှင့် အန်တိုနီယို ဗလန်စီယာတို့ ပွဲထွက်လာသည်။ မန်ယူနောက်တန်းတွင် ကစားသမားများ ဒဏ်ရာ ရနေခြင်းကြောင့် ကာရစ်နှင့် ဗလန်စီယာတို့ ခံစစ်တွင် ဆင်းကစားသွားခဲ့သည်။
ဒုတိယပိုင်း ပြန်လည် စတင် ချိန်တွင်လည်း မန်ယူသည် ကွင်းလယ်တွင် အပေးအယူများပြီး ကစားကွက် အိုင်နေကာ အဲဗာတန်ဘက်သို့ ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်ဘဲ ဖြစ်နေခဲ့သည်။ (၄၉)မိနစ်တွင် ဖယ်လိုင်နီ ခေါင်းတိုက် ချပေးသည်ကို အော့စ်မန် အပြင်းလှမ်းကန်ရာ ဘားတန်းထိ ထွက်သွားပြန်သည်။ မိနစ်(၅၀)တွင် ကာဂါဝါ သပ်ရပ်စွာ ထုတ်ပေးလိုက်သည့် ဘောလုံးကို ဝဲလ်ဘက်က လှည့်ယူသွားပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂျက်ဂီလ်ကာ၏ ဖိအားပေး ဖျက်ထုတ်မှုကြောင့် ဂိုးပေါက်လွဲသွားသည်။ (၅၇)မိနစ်တွင် အဲဗာတန်အသင်း ဂိုးရသွားသည်။ ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံးကို ဖယ်လိုင်နီက ကာရစ်အား ဖိအားပေးကာ ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ (၆၇)မိနစ်တွင် ကာဂါဝါ ခင်းပေးသည့် ဘောလုံးကို ကလီဗာလေ ဂိုးသွင်းရန် ကြိုးစားသော်လည်း အဲဗာတန် ခံစစ်က ပိတ်ဆို့နိုင်ခဲ့သည်။ (၆၉)မိနစ်တွင် မန်ယူသည် ကစားသမားသစ် ရော်ဘင်ဗန်ပါစီကို ထည့်သွင်းကာ တိုက်စစ် အရှိန်မြှင့်ခဲ့သော်လည်း ဗန်ပါစီသည် ကစားဖော်များနှင့် အချိတ်အဆက် မမိသေးဘဲ ဖြစ်နေခဲ့သည်။ (၇၉)မိနစ်တွင် ဗန်ပါစီ ဘောလုံးဆွဲထုတ်သွားပြီး ချိုးပေးသည်ကို ကာဂါဝါ ဝင်ပိတ်သော်လည်း ဟောင်းဝပ် ပြေးတက်လာသဖြင့် လူချင်းကပ်နေသောကြောင့် အမေရိကန် ဂိုးသမားနှင့် ပိတ်မိပြီး ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် မန်ယူသည် အမြင့်ဘောများမှ တိုက်စစ်ဆင်ရန် ကြိုးစားသော်လည်း တောင်ပံသမား အားလုံး ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေမှုနှင့် အတူ အဲဗာတန်၏ ခံစစ်ကြောင်းကို မကျော်နိုင်ဘဲ ရာသီအဖွင့် မလှပဘဲ ရမှတ် ဗလာဖြင့် အိမ်ပြန်ခဲ့ရသည်။
Ref: Eurosport
No comments:
Post a Comment