တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်မှ ပြောကြား လိုက်ကြောင်း လွှတ်တော် သတင်းများအရ သိရသည်။ အဆိုပါ ကော်မတီကို ယခုလ (၇) ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး၊ အဖွဲ့ဝင် ၁၃ ဦးနှင့် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ (၂၀) ခုမြောက် ကော်မတီဖြစ်ကြောင်း၊ (၁) နှစ် သက်တမ်းရှိသည့် ပြည်ထောင်စုအဆင့်ရှိ ကော်မတီတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ တာဝန်များမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူ့အစိုးရ တရားရေး အဖွဲ့အစည်းများ တရားဥပဒေနှင့်အညီ နေထိုင်ပြုမူဆောင်ရွက်ရန်အတွက် ထိန်းညှိကူညီရန်နှင့် အရေးယူဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ပေါ်ပေါက်ပါက သို့မဟုတ် ပေါ်ပေါက်စေနိုင်သည်ဟု ယုံကြည်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေ စိုးမိုးမှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်နိုင်စေရန် လေ့လာ သုံးသပ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာပြီး ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြဌာန်းရန် လိုအပ်ချက် များကို လွှတ်တော်သို့ တင်ပြခြင်းများကိုလည်းကောင်း၊ ဋ္ဌာနအဖွဲ့အစည်းများက ထုတ်ပြန်သည့် အမိန့်ကြေငြာစာ၊ အမိန့်ကြေငြာချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများ၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းချက် ဥပဒေများနှင့် ညီညွတ် ဆီလျော်အောင် ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လိုအပ်ပါက လုပ်ငန်းနှင့်သက်ဆိုင်သော ဆက်စပ်အဖွဲ့အစည်း များကို မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရသည်။
ပထမဆုံး အစည်းအဝေးကို ပြည်သူ့လွှတ်တော် ကော်မတီရေးရာ အဆောင် I- 12 တွင် သြဂုတ်လ (၉) ရက်နေ့တွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များထံမှ တရားဥပဒေစိုးမိုးရေးအပေါ် တစ်ဦးချင်း အမြင်များကို တောင်းခံခဲ့ကြောင်း လွှတ်တော်သတင်းများအရ သိရသည်။
No comments:
Post a Comment