Wednesday, 1 August 2012

အွန်လိုင်းမှ ဈေးဝယ်နိုင်တော့မည် ဟုဆို

ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရရှိပြီ ဖြစ်သဖြင့် MPU (Myanmar Payment Union) Card စနစ်အရ ပြည်တွင်း ပုဂ္ဂလိဘဏ်များက ယခုနှစ်အတွင်း အွန်လိုင်းမှ ဈေးဝယ်နိုင်သည့် ဝန်ဆောင်မှုကို ပေးနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်အချို့မှ တာဝန်ရှိသူများက ပြောသည်။ ဘဏ်များနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို ပထမဆုံး ပေးလာမည့် ပုဂ္ဂလိက ဘဏ်မှာ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (AGD Bank) ဖြစ်သည်။ AGD ဘဏ် အနေဖြင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီဖြင့် ချိတ်ဆက်ထားသည့် ၎င်းတို့၏ အွန်လိုင်း ဈေးဝယ်ဝန်ဆောင်မှုကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်ရန် အသင့်ဖြစ်နေပြီဟု ယင်းဘဏ်၏ Customer Service Department မှ ဒါရိုက်တာ ဦးသက်လွင်ရွှေက ဆိုသည်။
“အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ကလည်း ဝန်ဆောင်မှု ပေးသွားဖို့ ရှိပါတယ်။ ဒီလို အွန်လိုင်းကနေ ဈေးဝယ်လို့ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဘဏ်တွေက တဖြည်းဖြည်းချင်း ပေးလာဖို့ ရှိနေပါတယ်” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့် (International Banking) က ပြောသည်။ အွန်လိုင်းမှ ဈေးဝယ်နိုင်မည့် စနစ်ကို ဝန်ဆောင်မှုကို သုံးစွဲလိုသူများသည် အဆိုပါ ဘဏ်များထဲမှ ဘဏ်တစ်ခုတွင် ငွေစာရင်း အကောင့်တစ်ခု ဖွင့်လှစ်ထားသူ ရှိရမည် ဖြစ်သည်။
“မြန်မာပေးမန့် ယူနီယမ်ကတ်ကို သုံးနိုင်တဲ့ဘဏ် ၁၁ ဘဏ် အပြင် အဲ့ဒီထက်လည်း ပိုရင်ပိုမယ်။ အဲ့ဒီဘဏ်တွေအားလုံး အွန်လိုင်းရှော့ပင်း စနစ်ကို စတော့မှာ ဖြစ်တယ်။ ဒီစနစ်ရှိတဲ့ ဘဏ်အားလုံး မရှေးမနှောင်းမှာပဲ အွန်လိုင်း ဈေးဝယ်စနစ်ကို စပြီးဝန်ဆောင်မှု ပေးကြမှာပါ။ အပြိုင်အဆိုင်တွေ ဖြစ်လာမှာပေါ့” ဟု CB ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်ကလည်း အွန်လိုင်းမှ ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး 7Day News သို့ ပြောသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ MPU ကတ်စနစ် လုပ်ပိုင်ခွင့် ရရှိထားသောဘဏ် ၁၁ ဘဏ်ရှိပြီး ယင်းတို့ထဲတွင် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ CB ဘဏ်တို့ ပါဝင်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှတစ်ဆင့် ကုန်ပစ္စည်းများ ရောင်းချလိုကြသည့် လုပ်ငန်းများအနေဖြင့် အပြိုင်အဆိုင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယုဇနကိုကို

No comments:

Post a Comment