Friday, 27 July 2012 10:11
၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ သိမ်းဆည်းခံရသော လယ်မြေများမှာ
ယခင်အစိုးရများ အဆက်ဆက်ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည့် စီမံကိန်း
လုပ်ငန်းများဖြစ်သဖြင့် နောက်ကြောင်းပြန်ဖြေရှင်းပေးနိုင်မည့် အခြေအနေ
မရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇူလိုင်လ ၂၆ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအုန်းသန်းက ''၁၉၈၈
ခုနှစ်မတိုင်မီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်ကာလက မြေယာများ
သိမ်းဆည်းခဲ့မှုများနှင့် ပတ်သက်၍ သက်သေ အထောက်အထားများ ခိုင်ခိုင် မာမာ
ရယူနိုင်ခြင်း မရှိတော့သည့်အပြင် ထိုစဉ်ကာလ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြီးပြတ်အောင် ဆောင်ရွက်ပြီးစီးခဲ့သည့်
ကိစ္စရပ်များဖြစ်ပါသဖြင့် အသစ်ပြန်လည်၍ ဖော်ထုတ်ဖြေရှင်း
ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း တင်ပြအပ်ပါတယ်။
၁၉၈၈ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့အစိုးရနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံဖြိုးရေးကောင်စီ အစိုးရကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးစီမံကိန်းများ၊
မြို့ပြနှင့်စက်မှုဇုန်များအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို
ခွဲခြမ်းစိတ်ဖြာ စိစစ်လျှင် ယခင်အစိုးရများကာလ ထိုစဉ်က ဥပဒေကြောင်းနှင့်
ညီညွတ်စွာ စီမံကိန်းပါ စီမံချက်အတိုင်း ပြီးစီးသွားသည့်
သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ လုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့်
ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေ မရှိပါ ကြောင်း
တင်ပြအပ်ပါတယ်''ဟု ပြောကြာခဲ့သည်။
ဆက်လက်၍ ၀န်ကြီးက''ယခင်အစိုးရများ အဆက်ဆက်ကာလက ထိုစဉ်ကာလ
ဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများဖြစ်သဖြင့်
နောက်ကြောင်းပြန် ဖြေရှင်းနိုင်မည့် အခြေအနေမရှိသည့် အပြင်၊ ထိုစဉ်ကာလ
နိုင်ငံ့တာဝန် ဦးစီးခေါင်းဆောင်ခဲ့ကြသူ အများစုမှာလည်း ယခုအခါတွင်
သက်ရှိထင်ရှား မရှိကြတော့ပါ။ လက်အောက်တွင် နိုင်ငံတာဝန်များ အဆင့်ဆင့်
တာဝန်ထမ်းဆောင် ခဲ့ကြသူများမှာလည်း အသက်အရွယ်ကြီးရင့်ခဲ့ကြပြီး အငြိမ်းစား
ယူသွားကြပြီးသူများ ကွယ်လွန်သွားခဲ့ကြပြီးသူများ အစရှိသဖြင့်
မရှိကြတော့သဖြင့် မည်သို့မျှ ခိုင်လုံသော သက်သေ အထောက်အထားများဖြင့်
ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေမရှိကြောင်း
ထပ်လောင်းပြောကြားလိုပါတယ်''ဟု ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင်
လယ်ယာမြေဥပဒေနှင့် ပတ်သက်သည့် နည်းဥပဒေများကို မကြာမီ
ထုတ်ပြန်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဌာန်းပြီးဖြစ်သည့် လယ်ယာမြေ
ဥပဒေနှင့် ပေါ်ပေါက်လာမည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ
သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက မြေပြင်ပကတိ
အခြေအနေအမှန်များနှင့် ကိုက်ညီစွာ ထိရောက်လျင်မြန်စွာ ဖြေရှင်း
ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊
ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရမည့်
အခြေအနေ ရှိပါကလည်း ဥပဒေနှင့် ညီညွတ်စွာ အလေးထားဖြေရှင်း
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲဆန္ဒနယ်၏
'လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး
တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်'အဆိုကို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်
တစ်ဦးအနေဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ထည့်သွင်း
ပြောကြားသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
(Credit Eleven Media Group)
No comments:
Post a Comment