26 Jul 2012 |
By 7Day News
သန်လျင် မြို့နယ် ရဲစခန်းရှိ အချုပ်ခန်း အမှတ်(၂)မှ ပြစ်မှု ကျူးလွန်
ထားသူ အချုပ်သား နှစ်ဦးမှာ ဇူလိုင်လ ၁၄ ရက်က အချုပ်ခန်း ခေါင်မိုးအား
ဖောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားစဉ် သုံးဦးအနက် နှစ်ဦးသာ
ထွက်ပြေးသွားနိုင်ခဲ့ပြီး ကျန်တစ်ဦးကို အချိန်မီ
ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သန်လျင်မြို့နယ် ရဲစခန်းရှေ့တွင် နေထိုင်သူ
အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ လွတ်မြောက်သွားသူ
အချုပ်သားနှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် ကို--- နှင့် အသက် ၁၈ နှစ်အရွယ်
ကို--- တို့မှာ ဇူလိုင် ၁၄ ရက် နံနက် ၃ နာရီ ၁၇ မိနစ် အချိန်တွင်
အချုပ်ခန်း၏ ခေါင်မိုးထောင့်ရှိ ၃၃x၂၂ ရှိ သစ်သားအားခွာ၍
ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
မှုခင်းစစ်ဆေးရေးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သန်လျင်မြို့နယ်ရဲစခန်းအား
ဆက်သွယ်မေးမြန်းရာ စခန်းအနေနှင့် ယင်းဖြစ်စဉ်အား
အတည်ပြုဖြေကြားပေးနိုင်ခြင်း မရှိကြောင်း တယ်လီဖုန်းမှတစ်ဆင့် ဇူလိုင်လ ၂၃
ရက်က ပြောသည်။ ထွက်ပြေးလွတ်မြောက်သွားသူ အချုပ်သားနှစ်ဦးအား
သန်လျင်ရဲစခန်းမှ (ပ)၈၈၆/၁၂၊ ပုဒ်မ-၂၂၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
ရန်ကုန်တိုင်းရုံးမှ သတင်းရရှိသည်။
ထို့အပြင် သန်လျင်တွင် ယင်းကဲ့သို့ အချုပ်သားနှစ်ဦး
ထွက်ပြေးလွတ်မြောက်သွားမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အချုပ်ခန်းများ၏
လုံခြုံမှုရှိ၊ မရှိကို စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထွက်ပြေးလွတ်မြောက်သွားသည့်
အချုပ်သားနှစ်ဦးမှာ မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင်
နေထိုင်သူများဖြစ်ပြီး ဆိုင်ကယ်ခိုးယူ မသင်္ကာမှုဖြင့် သန်လျင်ရဲစခန်းက
ဖမ်းဆီးထားသူများဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment