- 28 Jul 2012 |
- By Pyi Myanmar
၉-၇-၂၀၁၂ ရက်မှ စကာ နိုင်ငံခြားငွေစာရင်း စတင် ဖွင့်လှစ်နိုင်ပြီဖြစ်သည့် ပုဂ္ဂလိက ဘဏ်များ တွင် နိုင်ငံခြား ငွေစာရင်း ဖွင့်သူများ အနေဖြင့် ငွေစာရင်းများကို ဖွင့်ရုံသာ ဖွင့်ထားပြီး ပြည်သူများ အမှန်တကယ် လက်တွေ့ အသုံးချနိုင်မည့် လုပ်ငန်း ဝန်ဆောင်မှုများ ပေးနိုင်ရန်မူ စောင့်ဆိုင်းနေရသည့် အခြေအနေတွင် ရှိနေကြောင်း ၁၉-၇-၂၀၁၂ ရက်က သိရသည်။
နိုင်ငံခြား ငွေစာရင်း ဖွင့်ရာတွင် ဗဟိုဘဏ်မှ ခွင့်ပြုထားသော ငွေကြေးလေးမျိုးဖြစ်သည့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုနှင့် FEC တို့အနက် အမေရိ ကန်ဒေါ်လာ ငွေစာရင်း ဖွင့်မှုမှာ အများဆုံးဖြစ်ပြီး FEC ငွေစာရင်းဖွင့်မှုမှာ အနည်းဆုံးဖြစ်ကြောင်း သိရသည်။ ငွေစာရင်း ဖွင့်ရာတွင် အနည်းဆုံး ၁၀၀ ယူနစ် (ဥပမာ- US 100, FEC 100) မှစ၍ အများဆုံး ငွေကြေး အကန့်အသတ်မရှိ ဖွင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “အများဆုံး ဘယ်လောက်ပဲ စာရင်းဖွင့်ရမယ်။ စာရင်း ထဲမှာ ငွေဘယ်လောက်ထက် ပိုမစုရဘူး စတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ အခုဆို သောင်းဂဏန်းအထိ လာဖွင့်တဲ့သူတွေ ရှိတယ်။ လောလောဆယ်တော့ စာရင်းထဲကို ငွေသွင်းတာပဲ ရှိတယ်။ အထုတ်တော့ မရှိသေးဘူး” ဟု ယင်းက ဆက်လက်ပြောသည်။
နိုင်ငံခြား ငွေစာရင်း ဖွင့်ခွင့်၊ နိုင်ငံခြား ငွေလဲလှယ်ခွင့်ကို ယခင်က အစိုးရဘဏ် သုံးခုကသာ လက်ခံဆောင်ရွက် ပေးနေရခြင်းကြောင့် ပြည်သူများအကြား အခက်အခဲ မျိုးစုံဖြင့် ကြုံတွေ့ခဲ့ရခြင်းကို ပြေလည်စေရန်နှင့် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးလာစေရန် တရားဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရှိသူများအား အစိုးရဘဏ် သုံးခုတွင်သာမက ပုဂ္ဂလိက ဘဏ်များတွင်ပါ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ကို ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက် နေ့စွဲဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment