Monday, 20 August 2012

စားပြီး နားမလည်


လူအတော် များများ သုံးနေကျ စကားလုံးလေးတွေပါ။ “စားပြီး နားမလည်” တဲ့။  ကိုယ်က ကူညီ စောင့်ရှောက်ခဲ့ဖူးပြီး တစ်ဖက်က ကျေးဇူးတရားကို ဆံခြည်မျှင် လောက်တောင် ပြန်မတုံ့ပြန်တဲ့အခါ အဲဒီကျေးဇူး ပြုထားတဲ့သူက ပြောကြတဲ့ စကားလုံးလေးပါ။


တစ်နည်းအားဖြင့် ပြန်ပြီး ကျေးဇူးတုံ့ပြန်မှု မလုပ်လို့၊ သတိတရ မရှိလို့ တွယ်လိုက်တဲ့ စကားလုံး။ တစ်နည်းအားဖြင့် ကူညီခဲ့တဲ့လူဟာ တစ်ခုခုကို မျှော်လင့်တာလည်း ဖြစ်နိုင်သလို ပြန်ပြီး သူ့ကို မျက်နှာသာမပေးလို့ မကျေမနပ်ဖြစ်ပြီး ပြောလိုက်တာလို့ ထင်တာပဲ။
ဘာမျှော်လင့်ချက်မှ မထားဘူး Non-String Attached (နှောင်ကြိုးမဲ့) ဆိုရင် ဘယ်လိုမှ ခံစားချက်ရှိမှာ မဟုတ်တဲ့အတွက် ခုလိုပြောစရာတောင် ရှိမှာမဟုတ်ပါဘူး။ စားပြီးနားမလည် ဆိုတာနဲ့ ပတ်သက်ပြီး ရေးရမယ်ဆိုရင် ရှုပ်ထွေးလှတဲ့ လူမှုဇာတ်ခုံပေါ်မှာ ဇာတ်လမ်း အဖုံဖုံပါပဲ။ ဒါတွေကို ချန်လှပ်ပြီး ကျန်းမာရေးနဲ့ ဆိုင်တာလေးတွေထဲက တချို့တလေကို တင်ပြချင်ပါတယ်။
လူတချို့က ဒီလိုတွေးကြတယ်။ ထိုက်သင့်တဲ့ ဝန်ဆောင်ခ ပေးလိုက်တာပဲ။ သူတို့ပြောသလောက် အကုန်ခံပြီး လုပ်လိုက်တာပဲ။ ငွေကုန်သွားလို့ ရောဂါပျောက်သွားတာ။ သူလည်း ဆေးဖိုးယူတာပဲဆိုပြီး ဈေးတွက်တွက်ပြီး ပြောကြတယ်။ ဆရာဝန်ရဲ့ စေတနာ၊ ဘယ်လို ခက်ခက်ခဲခဲနဲ့ လုပ်ပေးလိုက်ရတယ် ဆိုတာကို မမြင်ကြဘူး။
အဲဒီလိုလုပ်ဖို့ နှစ်များစွာက ပင်ပန်းကြီးစွာ နေမအိပ်၊ ညမအိပ် စာတွေကျက်၊ ဘာပျော်ရွှင်မှုမှ မရှိ၊ ဘာငွေကြေးဓနမှ မရှာနိုင်ဘဲ ဆေးပညာကို အပတ်တစ်ကုပ် ကြိုးစားခဲ့ရတာတွေကို မသိကြဘူး။ ကျွန်တော်တို့ ဆရာဝန်တွေကို မေးကြည့်ပါ။ ဆေးကျောင်းသားဘဝကို ပြန်ကြည့်ပါ။ ခပ်ပိန်ပိန်၊ ခပ်ပါးပါး အားအင်မရှိတဲ့ ပုံတွေနဲ့ ရိုက်ထားတဲ့ ဆေးကျောင်းသားဘဝ ဓာတ်ပုံတွေကို ပြန်ကြည့်ပါ။
ယခု လူထုကြားမှာ ဆေးကုနေကြတဲ့ ဆရာဝန်တွေကတော့ “ဝလို့ဖြီးလို့”။ “စာ” ဆိုတဲ့ အပူသောက၊ “စာမေးပွဲ” ဆိုတဲ့ ရှေ့တက်လှမ်းရမယ့် ဘဝအောင်မြင်မှုအတွက် သောကတွေ ရင်ထဲမှာ ရှိနေကြစဉ်တုန်းက လေတိုက်ရင် လဲတော့မယ့် ရုပ်သွင်ပြင်တွေကို ဆေးကျောင်းသားဘဝမှာ ရင်းခဲ့ရပါတယ်။
ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် ပစ္စည်းတန်ဖိုးကို ရေးထားတာရှိသလို တစ်ခါတလေ ကိုယ်ကမေးရတာတွေ ရှိတယ်။ ဒါ ဘယ်လောက်ကျသလဲ။ ဒါလေးကကော ဆိုပြီး ဈေးနှုန်း၊ ပစ္စည်းအရည်အသွေး၊ အရောင်အဆင်း စတာတွေပေါ် မူတည်ပြီး ဈေးကွာကြတယ် မဟုတ်လား။ ပါလာတဲ့ ငွေမလောက်ရင် နောက်တစ်ခေါက်မှလာပြီး ဝယ်ရင်ဝယ်၊ ဒါမှမဟုတ် ဈေးချိုတာလေးကို ဝယ်လိုက်ရတာမျိုးတွေလည်း ရှိတတ်ကြတယ် မဟုတ်လား။ ဒါက ကုန်ရောင်းကုန်ဝယ် ငွေအကျေ မချေနိုင်ရင် ရောင်းသူက ငွေချန်ပြီး ရောင်းတာမျိုး ဘယ်ရှိမလဲ။ ကျပ်စွန်း၊ ပြားစွန်းဆိုရင် လျှော့ပြီး ရောင်းတာမျိုးတွေ လုပ်ကြတယ် မဟုတ်လား။ ဈေးနှုန်းကြိုတင် သိပြီးမှ ပစ္စည်းဝယ်နိုင်၊ မဝယ်နိုင် ဆုံးဖြတ်ကြတယ်နော်။ ဆရာဝန်တွေ ဆေးကုတဲ့အခါမှာ ဒီလို မဟုတ်ပြန်ဘူး။ ကြိုတင်ပြောလို့ ဘယ်သင့်တော်မလဲ၊ သာမန်ပေးနိုင်တဲ့ နှုန်းလောက် ဆိုရင်တော့ သိပ်ပြီးဈေးနှုန်းကို ပြောပြလေ့ မရှိကြဘူး။ ကုန်ကျစရိတ်များတဲ့ ကုသမှုဆိုရင် ကြိုပြောကြပါတယ်။ အထူးကုနဲ့ပြရင် အထူးကုဈေးနှုန်း ၊ သာမန်အထွေထွေ ရောဂါကုဆရာဝန်နဲ့ ပြရင် စမ်းသပ်ခ မရှိတော့ ဆေးဖိုးနဲ့တွဲပြီး ကုန်ကျစရိတ် ယူရပါတယ်။
ကိုယ်က လူတိုင်း ဒီလိုအဖိုးစားနား နည်းနည်းနဲ့ ယူတာဆိုတော့ သာမန် လက်လုပ်လက်စား တွေလောက်ကတော့ အကုန်ခံနိုင်တာပဲဆိုတဲ့ အတွေးနဲ့ ဈေးနှုန်းကို ကြိုပြောလေ့ မရှိပါဘူး။ အဲဒီအခါမှာ ကိုယ်ကတော့ စေတနာနဲ့ လိုတာလေးတွေ လုပ်ပေးလိုက်တယ်။ ပြီးတော့မှ ကုန်ကျစရိတ် ပြောပြလိုက်တော့ လူအတော်များများက သိနေကြတော့ အကုန်ကျခံနိုင်ကြပါတယ်။
သို့သော် ...“ဆရာ အားဆေးလွှတ်ချင်လို့” ဆိုပြီး ရောက်လာတယ်။ အားလုံး စမ်းသပ်လိုက်တယ်။ ကောင်းပါတယ်။ ဆီးချိုရော ရှိသလား မေးလိုက်တယ်။ အဖြေက မသေချာ။ ဒါဆိုရင် ဆီးချိုရှိမရှိ စစ်ကြည့်လိုက်ပါ။ အခြေခံအရ စစ်ကြည့်သင့်တယ်။ ““ဟာ ..စစ်ပါဆရာ။ တစ်ခါမှလည်း မစစ်ဖူးဘူးဆိုတော့ စစ်ချင်တယ်” လို့ပြောတယ်။
ဒါနဲ့ သွေးဖောက်ပြီး သွေးချိုစစ်တဲ့ စက်နဲ့ စစ်ကြည့်လိုက်တယ်။ ပုံမှန်ပါပဲ ဒါနဲ့ အားဆေးဇောက်ထိုး ပုလင်းချိတ်လိုက်တယ်။ ဆေးရည်ကုန်သွားတယ်။ သောက်ဆေး ပေးလိုက်တယ်။ ထိုင်ခုံမှာ ခဏထိုင်နေတယ်။ ခဏကြာတော့ တခြားလူနာတစ်ယောက် ကြည့်နေတုန်း ဒီနားက ထမင်းဆိုင်မှာ ပိုက်ဆံ သွားယူလိုက်ဦးမယ်လို့ ပြောတယ်။
ကိုယ်က ကုပြီးပြီဆိုတော့ ခွင့်ပြုလိုက်တယ်။ အဲဒီလို ထွက်သွားပြီးကတည်းက ပြန်မလာတော့။ တစ်ခါတလေ လမ်းမှာဆုံကြတယ်။ မျက်နှာလွှဲနေတယ်။ ကိုယ့်ကို ကုပေးခဲ့တဲ့ ဆရာဝန်ကို မျက်နှာချင်း မဆိုင်ဝံ့တော့။ ပြောရရင်တော့ စားပြီး နားမလည်ပေါ့ဗျာ။ ဒါ့ကြောင့် ထင်ပါတယ်။ အထူးကု ဆေးရုံတွေမှာ ငွေကို ကြိုတင် စပေါ်တင်ခိုင်းကြတယ်။ အဲဒီလို လုပ်ပြန်တော့ လုပ်တဲ့သူရဲ့ အပြစ်၊ စားပြီး နားမလည်တာတွေ များနေတော့ လုပ်တော့မှာပေါ့ဗျာ။

No comments:

Post a Comment